ပန်းမြောင်းမီး လူနေအိမ် ၃ လုံးနှင့် ဈေးဆိုင်ခန်း ၃ ခန်း ဆုံးရှုံး


နိရဉ္စရာ၊ မတ် ၃၀

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းတွင် ယနေ့နံနက် ၈ နာရီခန့်က မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လူနေအိမ် ၃ လုံးနှင့် ဈေးဆိုင်ခန်း ၃ ခန်း မီးထဲပါသွားသည်ဟု သိရသည်။

မီးငြိမ်းသတ်ရာတွင် ပါဝင်ခဲ့သူ ပန်းမြောင်းမှ ဦးကျော်ဇံက “ဦးဝင်းအောင် ဓါတ်ဆီဆိုင်ကနေ စလောင်တာပါ။ ဓါတ်ဆီ ရောင်းရာကနေ လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။ တိုက်တစ်လုံးရယ်၊ ဘေးနားက အိမ်အကောင်း ၂ ဆောင်ရယ်။ ဆိုင် ၃ ဆိုင် ပါသွားပါတယ်။ ဆိုင်တွေကတော့ သူတို့ ပိုင် ဓါတ်ဆီဆိုင်ရယ်။ အလှပြုပြင်ဆိုင်နဲ့ ရွှေဆိုင် တစ်ဆိုင်တို့ ဖြစ်ပါတယ်”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။


၎င်းပြင်သူက “ကျနော်တို့ ပန်းမြောင်းမှာ မီးသတ်ကားလည်း မရှိဘူးဆိုတော့ မြို့ပေါ်က မီးသတ်ကားတွေလည်း မီးငြိမ်းမှ ရောက်ကြပါတယ်။ ကျနော်တို့ ပန်းမြောင်းက လူတွေက ရေစုပ်စက်တွေနဲ့ ချောင်းရေကို အသုံးပြုပြီး ငြိမ်းသတ်ခဲ့ကြပါတယ်”ဟု ဆက်လက် ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း မီးလောင်ရာတွင် ပါသွားသည့် အိမ်တစ်ဆောင်မှ လူတစ်ဦး မူးလဲကာ သတိမေ့သွား၍ ဆေးရုံပို့လိုက်ရသည်ဟု သိရသည်။

“သတိမေ့သွားတဲ့သူက ဦးလူဖြူချေ အသက် ၆၀ ၀န်းကျင်ပါ။ သူ့အိမ်ရှေ့က ဆီဆိုင်ကို မီးလောင်ပြီးတော့ သူ့အိမ်ကို မီးကူးလာတဲ့အတွက် အဲ့ဒီဦးလေး သတိမေ့မြော သွားခဲ့တယ်။ နေအိမ်မှာ သူတစ်ဦးတည်း ရှိနေတာပါ။ သူ့ကို လူတွေက ကယ်ထုတ်ပြီး ပန်းမြောင်းဆေးရုံကို ပို့လိုက်ရပါတယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးမောင်ဝင်းရွှေက ပြောသည်။


ကျေးရွာသားများမှ ဓာတ်ဆီရောင်းရာမှ မီးကူးစက် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ပြောကြားသော်လည်း မီးလောင်ရာသို့ ရောက်ရှိနေသူ မီးသတ်တပ်ဖွဲ့မှ ဦးကျော်လင်းကမူ မီးမှာ ထမင်းချက်ရာ လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“မီးစလောင်တာက ၈ နာရီ ၁၀ မိနစ်ကပါ။ ဦးဝင်းအောင် ကုန်စုံဆိုင်မှာ ထမင်းချက်ထားရာကနေ ၀ါးထရံကို မီးကူးပြီးတော့ လောင်သွားတာပါ။ ဆိုင်ခန်း ၃ ခန်းနဲ့ အိမ် ၃ အိမ်ပါသွားပါတယ်။ ထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး။ ပစ္စည်း ဆုံးရှုံးမှု တန်ဖိုးကတော့ ၁၃၁၇၀၀၀ ကျပ်ပါ”ဟု ပြောသည်။


မီးမှာ နံနက် ၈ နာရီ မှ စတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးကို အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေ ပြည်သူလူထုတို့က ရေစုပ် စက်များဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ကြရာ ၈ နာရီ ၃၀ ခန့်တွင် မီးကို လုံးဝ ငြိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်က ပန်းမြောင်းကို မြို့အဆင့် သတ်မှတ်ထားပြီးဖြစ်သော်လည်း အစိုးရမှ မြို့ အဆင့်သို့ တိုးမြှင့်ခြင်း မရှိသေးသဖြင့် အရံမီးသတ် တပ်ဖွဲ့ဝင်များသာရှိပြီး မီးသတ်ကား မရှိသေးကြောင်း သိရှိရသည်။

Photo by Arakan Htu Par
စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ပန်းမြောင်းမီး လူနေအိမ် ၃ လုံးနှင့် ဈေးဆိုင်ခန်း ၃ ခန်း ဆုံးရှုံး ပန်းမြောင်းမီး လူနေအိမ် ၃ လုံးနှင့် ဈေးဆိုင်ခန်း ၃ ခန်း ဆုံးရှုံး Reviewed by THITHTOOLWIN on 17:55 Rating: 5
Powered by Blogger.