ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာ၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲရာ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိ


ထီးချိုင့် မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာ ဖူးပွင့်ဝေဆာ(၁ဝ)တန်း ဘော်ဒါ ဆောင်၌ မတ် ၁၂ ရက်က လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဖူးပွင့်ဝေဆာဘော်ဒါဆောင်၌ လက်လုပ်မိုင်းဟု ယူဆရသော မသင်္ကာဖွယ်ရာတွေ့ရှိရ၍ ဆရာမ ဒေါ်အေးအေးမင်းက အလယ်တောရဲကင်းမှူး ရဲအုပ်ဗိုလ်ဗိုလ်ဟန်ထံ သတင်းပေးပို့ချက်အရ သွားရောက် ကြည့်ရှုရာ ဘော်ဒါဆောင်အတွင်းရှိ သောက်ရေအိုး အတွင်းမှ သံပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်ခု ကိုလည်းကောင်း၊ ဘော်ဒါဆောင်နှင့်ကပ်လျက်နေအိမ် တံခါးမကြီးရှေ့မှငါးမန်းအချိုရည်ဘူးခွံဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်ခုကိုလည်းကောင်း တွေ့ရှိရသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးက ဧရာဝတီတံတား (ထီးချိုင့်)တွင် မိုင်းရှင်းလင်းရေးတာဝန်ဆောင်လျက် ရှိသော တာဝန်ရှိသူတို့အား ဆက်သွယ်ပြီး မိုင်းရှင်းလင်း ဆောင်ရွက်ခဲ့ရာ ထဘီလှန်းသည့်တန်းမှ လက်လုပ်မိုင်း တစ်လုံး အသံမြည်ပေါက်ကွဲခဲ့သည်။ ဆက်လက်၍ မိုင်း ရှင်းလင်းရေးအဖွဲ့နှင့်အတူ ရှာဖွေရှင်းလင်းရာ ဘော်ဒါဆောင်ဝင်းအတွင်းရှိ ကျောက်ပုံအတွင်းမှလက်လုပ် မိုင်းတစ်လုံးကိုလည်းကောင်း၊ အခြားနေရာမှလက်လုပ်မိုင်း တစ်လုံးကိုလည်းကောင်း၊ အဆောင်ရှေ့တွင်ရပ်ထားသော ဆရာမဒေါ်အေးအေးမင်းပိုင် တိုယိုမက်မော်တော် ဆိုင်ကယ် အင်ဂျင်ပလပ်နှင့်ချိတ်ဆက်လျက် အင်ဂျင်တုံး တွင် ကပ်ချည်ထားသော လက်လုပ်မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိရကြောင်း သိရသည်။

မိုင်းရှင်းလင်းရေးအဖွဲ့က အဆိုပါဘော်ဒါဆောင် ဝင်းအတွင်း မိုင်းရှင်းလင်းမှုစိတ်ချမှုရှိသည်အထိ ဆက်လက်ရှာဖွေရှင်းလင်းလျက်ရှိကြောင်းနှင့် မိုင်း ပေါက်ကွဲမှုတွင် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိ ကြောင်း သိရသည်။

ကျော်ခဲ(ထီးချိုင့်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာ၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲရာ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိ ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာ၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲရာ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိ Reviewed by THITHTOOLWIN on 08:40 Rating: 5
Powered by Blogger.