အုပ်ချုပ်ရေးမှူးများအား လစဉ်ကြေးပေးကာ တရားမဝင်ရွှေသတ္တုတူးဖော်နေဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးပြောကြား


တာချီလိတ် မတ် ၈ ရက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်တွင် အုပ်ချုပ်ရေးမှူးများအား လစဉ်ကြေးပေးကာ တရားမဝင် ရွှေသတ္တုတူးဖော်မှု အများအပြားရှိနေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်က ပြောသည် ။
“ ရေချောင်းအတွင်းမှာ တရားမဝင်တွေလုပ်နေတယ်၊ ကျွန်တော်ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတွေကို လစဉ်ကြေးပေးပြီး လုပ်နေတာ စုံစမ်းသိရတယ် ” ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က ပြောသည် ။

ရွှေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ၌ အသုံးပြုသော ပြဒါးများသည် လေထဲတွင် အငွေ့အဖြစ်ပျံ့နှံ့ကာ ပတ်ဝန်းကျင် လေ၊ ရေ၊ မြေနှင့် စိုက်ပျိုးသီးနှံများဆီသို့ ရောက်ရှိပျံ့နှံ့ ရာမှ လူနှင့် သက်ရှိသတ္တဝါများကို အဆိပ် သင့်မှု ဖြစ်စေတယ်ဟု ပညာရှင် တစ်ဦး၏ သုံးသပ်ပြောဆိုချက် အရ သိရသည်။

“ ပြည်နယ်အစိုးရက ဖမ်းခိုင်းတယ်၊ ဖမ်းလိုက်တိုင်း အကုန်ပျောက်ကုန်တယ် သတင်းရတဲ့သဘောဖြစ်နေတယ်၊ တရားခံမမိဘူး၊ ဝါးဖောင်တွေပဲ အများဆုံးမိတယ်၊ တရားမဝင် လုပ်နေကြတာတွေကို မှတ်တမ်းပုံ၊ မြေပုံအညွှန်း မိုင်တိုင်တွေနဲ့ပြပြီး တားခိုင်းလည်း တားခိုင်းတဲ့အချိန်ပဲ အဖမ်းပြတယ်၊ ဒေသမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူစစ် အပါအဝင် ဌာနအချို့ကလည်း မသမာမှုတွေလုပ်နေတယ်၊ အကြီးအကျယ်လုပ် တာတွေလည်း ရှိတယ်၊ အသေးစားတွေလည်းရှိတယ်၊ ဒေသခံတွေ တစ်နေ့လုပ်ရသလောက်လေး လုပ်နေတာ တွေလည်း ရှိတယ်၊ နိုင်ငံတော်အတွက် ဘာအခွန်မှ မရတဲ့အပြင် သဘာဝပတ်ဝန်းကျင်၊ ချောင်း၊ မြောင်းများ ပျက်စီး တယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းဖြတ်၊ ကျိုင်းလပ်၊ တာလေ၊ မိုင်းလင်း၊ နားဟိုင်လုံ၊ လွယ်တော်ခမ်း၊ မိုင်းကိုး၊ ဖတ်ဟိအတွင်းရှိ သတ္တုတူးဖော်ရေးနှင့် ရွှေတူးဖော်မှုလုပ်ကိုင်နေကြသည့်လုပ်ကွက် အများစုသည် လုပ်ကိုင်ခွင့် သက်တမ်းကုန်လွန်နေသည့်အပြင် တရားဝင်လျှောက်ထားမှုမရှိဘဲ ခိုးယူတူးဖော်နေကြောင်းသိရသည် ။

မြင့်မိုရ်(တာချီလိတ်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
အုပ်ချုပ်ရေးမှူးများအား လစဉ်ကြေးပေးကာ တရားမဝင်ရွှေသတ္တုတူးဖော်နေဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးပြောကြား အုပ်ချုပ်ရေးမှူးများအား လစဉ်ကြေးပေးကာ တရားမဝင်ရွှေသတ္တုတူးဖော်နေဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးပြောကြား Reviewed by THITHTOOLWIN on 12:34 Rating: 5
Powered by Blogger.