အိုင်သပြုကျေးရွာမှာ လုံခြုံရေးတင်းကြပ်ထား

အိုင်သပြုကျေးရွာမှာ လူတစ်စုကြောင့် ပျက်စီးသွားခဲ့တဲ့ နေအိမ်တချို့ရဲ့ တံခါးရွက်တွေကို တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်မှာ လူတစ်စုက အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်တစ်ချို့ကို ခဲတွေနဲ့ပေါက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူဖို့ စီစဉ်နေပြီး လုံခြုံရေး တင်းကြပ်ထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီနေ့ ပြောပါတယ်။

အိုင်သပြုကျေးရွာ ဈေးတာလေးရပ်ကွက်မှာ မနေ့ည ၁၀ နာရီ ၀န်းကျင်လောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားတယ်လို့ လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူး ဦထူးထက်က ပြောပါတယ်။

"တစ်ချို့ ပြောကြတာကတော့ မျက်နှာကို ပုဆိုးစတွေနဲ့ အုပ်ပြီးတော့ လုပ်သွားတယ်၊ ဒီလိုပဲ ကျနော်တို့ သတင်းရထားတယ်၊ နောက် ဒါမျိုးမဖြစ်အောင် နောက်ရက်တွေ လုံခြုံရေး တင်းကြပ်ဖို့ကိစ္စ လုပ်ထားတယ်၊ ဘာကြောင့်ဖြစ်လဲဆိုတာကို စုံစမ်းမယ်၊ ဖော်ထုတ်မယ် သိလို့ရှိရင် သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူရမှာပေါ့"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ  အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့ ခိုးပြေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မနေ့ညက ဖြစ်ပွားခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင် က ပြောပါတယ်။

"အစ္စလာမ်ဘာသာဝင် လူငယ်လေးတစ်ယောက်နဲ့ ဗမာမိန်းကလေးတစ်ယောက်တို့ လိုက်ပြေးတယ်၊ ဒါကို ချက်ခြင်းပြန်အပ်ဖို့ ပထမ တောင်းဆိုတယ်၊နောက်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်တယ်၊ နောက် အစ္စလာမ်ဘာသာဝင် နေအိမ်ကို ၀ိုင်းပြီးတော့ လူအင်အားနဲ့ ပြန်ထုတ်ပေးဖို့  အဲဒါမျိုး တောင်းဆိုတာတွေ တလောက ရှိခဲ့တယ်၊ အဲဒီအချိန်ကနေ အခုချိန်ထိတော့ ပြန်မအပ်နိုင်သေးဘူး၊ ကလေးတွေက ထွက်ပြေးနေတာ ဘယ်ရောက်လို့ ရောက်မှန်းမသိတဲ့အခါကျတော့ ညကတော့ ဒီအစ္စလာမ်ဘာသာဝင်အိမ် ၄ လုံးလောက်ကို လူ ၃၀ လောက်က အုတ်ခဲတွေနဲ့ ထုတယ်ဆိုတာကတော့ မှန်ပါတယ်၊ လုံခြုံရေးအင်အား ရောက်လာတဲ့အချိန်မှာ ထွက်ပြေးတယ်၊ တစ်ယောက်မှ မမိဘူးလို့ သိရပါတယ်"

ခဲတွေ ပစ်ပေါက်မှုကြောင့် လူထိခိုက်ဒဏ်ရာရ မရှိပေမယ့် အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ် ၃လုံးမှာ သွပ်အမိုးတွေနဲ့ တံခါးရွက်တွေပျက်စီးတာ ၊ ကားတစ်စီး ပျက်စီးတာတွေ ရှိခဲ့ပါတယ်။ နစ်နာသူတွေက အမှုဖွင့်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
အိုင်သပြုကျေးရွာမှာ လုံခြုံရေးတင်းကြပ်ထား အိုင်သပြုကျေးရွာမှာ လုံခြုံရေးတင်းကြပ်ထား Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.