ပဲခူးမြို့တွင် ကြံရည်ဆိုင်အတွင်းသို့ အုပ်စုဖြင့်ဝင်ရောက် ဓားထိုးမှုဖြစ်ပွား၊ ဆိုင်ပိုင်ရှင်ဒဏ်ရာရပြီး ကျူးလွန်သူ များကို ဖမ်းဆီးစစ်ဆေး


ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်ရှိ ကြံရည်ဆိုင်အတွင်းသို့ မတ် ၈ ရက်က အုပ်စုဖြင့် ဝင်ရောက်ဓားထိုးမှုဖြစ်ပွားရာ ဆိုင်ရှင်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ကျူးလွန်သူ(၄)ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး တစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ပဲခူးမြို့၊ အမှတ်(၃)ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

ဥဿမြို့သစ်၊ (၈)ရပ်ကွက်ရှိ ကြံရည်ဆိုင်အတွင်းသို့ မတ် ၈ ရက်၊ ည(၈)နာရီဝန်းကျင်က ဆိုင်ကယ်(၃)စီးဖြင့် အမျိုးသားလူငယ်(၄)ဦးနှင့် အမျိုးသမီး(၁)ဦးရောက်ရှိလာပြီး အသင့်ပါရှိလာသော ဓားချွန်များကိုင်ဆောင်ကာ ကြံရည်ဆိုင် ပိုင်ရှင်၏ သားဖြစ်သူကို ဓားဖြင့်ထိုးစဉ် မိခင်ဖြစ်သူ (ကြံရည်ဆိုင်ပိုင်ရှင်)က ဝင်ရောက်တားဆီးရာမှ လည်ပင်းတွင် ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လူငယ်ချင်း ပြဿနာဖြစ်ပွားကြတာပါ။ အခင်းဖြစ်ပွားနေရာမှာ ထိခိုက်ဒဏ်ရာရရှိသူ မိခင်ဖြစ်သူကိုတော့ ပဲခူး ဆေးရုံကြီးမှာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ကုသနေပါတယ်။ အခင်းဖြစ်ပွားရာမှာပါဝင်သူ အမျိုးသား(၃)ဦးနဲ့ အမျိုးသမီး(၁)ဦးတို့ကိုတော့ ဖမ်းဆီးစစ်ဆေးနေပါတယ်။ အမျိုးသားတစ်ဦးကတော့ ထွက်ပြေးသွားတဲ့အတွက် လိုက်လံစုံစမ်းနေပါတယ်။”ဟု ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် ကျော်နိုင်ဦးကပြောသည်။

အဆိုပါအမှုတွင် ဖမ်းဆီးခံထားရသည့် ဇော်မင်းထွန်း(၃၃)နှစ်၊ အောင်မင်းထိုက်(၂၁)နှစ်၊ ပြည့်စုံသူ(၂၀)နှစ်၊ မမေသဇင်(၂၀)နှစ်နှင့် ထွက်ပြေးလွတ်မြောက်နေသော ဟိန်းဇော်လင်း(ခ)ဝမ်ချိုင်း(၂၇)နှစ်တို့ကို အမှတ်(၃) နယ်မြေခံရဲစခန်းက (ပ)၁၉၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၅၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပဲခူးမြို့တွင် ကြံရည်ဆိုင်အတွင်းသို့ အုပ်စုဖြင့်ဝင်ရောက် ဓားထိုးမှုဖြစ်ပွား၊ ဆိုင်ပိုင်ရှင်ဒဏ်ရာရပြီး ကျူးလွန်သူ များကို ဖမ်းဆီးစစ်ဆေး ပဲခူးမြို့တွင် ကြံရည်ဆိုင်အတွင်းသို့ အုပ်စုဖြင့်ဝင်ရောက် ဓားထိုးမှုဖြစ်ပွား၊ ဆိုင်ပိုင်ရှင်ဒဏ်ရာရပြီး ကျူးလွန်သူ များကို ဖမ်းဆီးစစ်ဆေး Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.