ဘုရားဖူးယာဉ် သစ်ပင်ကိုဝင်တိုက်မှုကြောင့် ခရီးသည်(၂၀)ဦး ထိခိုက်ဒဏ်ရာရ


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့မြောက်ဘက်၊ ရွာပြင်းကျေးရွာအုပ်စု၊ တောင်ဗွေကျေးရွာ အနီးမှာ မတ်(၅)ရက် ညနေ(၄)နာရီခွဲက ဘုရားဖူးယာဉ်တစ်စီး သစ်ပင်ကိုဝင်တိုက်မိတာကြောင့် ယာဉ်ပေါ်ပါ ခရီးသည်(၂၀)ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

 ဖြစ်စဉ်မှာ YUTONG BUS အဖြူရောင် စိန်တစ်လုံးမန်းရွှေစက်တော် ဘုရားဖူးယာဉ်ဟာ ကျိုက်ထီးရိုးကနေ တောင်တွင်းကြီးမြို့နယ်၊ ပန်းတောကျေးရွာသို့ပြန်လာစဉ် တောင်ဗွေကျေးရွာအနီး အောင်လံ-မကွေး-ပြည်လမ်းမ မိုင်တိုင်အမှတ်(၂၃၀)အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းမညာဘက်ဘေးရှိ ကျွန်းပင်ကို ၀င်တိုက်မိတာဖြစ်ပါတယ်။

 ဒီဖြစ်စဉ်ကြောင့် ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်(၃၀)အနက် အယောက်(၂၀) ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး အောင်လံမြို့ပြည်သူ့ဆေးရုံကို အရေးပေါ် ပို့ဆောင်ကုသပေးထားရတယ်လို့
သိရပါတယ်။

 ယာဉ်တိုက်မှုဖြစ်ပွားရာကို မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး၊ မီးသတ်ဦးစီးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အောင်လံမြို့ ပရဟိတကူညီရေးအသင်းတွေက လူနာတင်ယာဉ်(၄)စီးနဲ့ ထိခိုက်ဒဏ်ရာရခရီးသည်တွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ကြပါတယ်။

 ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်းသူကို အောင်လံမြို့မရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ(၃၃၇)၊(၃၃၈)တို့နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ညီမှူးအိမ်(အောင်လံ) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ဘုရားဖူးယာဉ် သစ်ပင်ကိုဝင်တိုက်မှုကြောင့် ခရီးသည်(၂၀)ဦး ထိခိုက်ဒဏ်ရာရ ဘုရားဖူးယာဉ် သစ်ပင်ကိုဝင်တိုက်မှုကြောင့် ခရီးသည်(၂၀)ဦး ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 15:24 Rating: 5
Powered by Blogger.