မြန်မာအလုပ်သမား ၃ ဦး ရိုက်နှက်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ကဗီမြို့ သစ်စက်အလုပ်ရုံက မြန်မာအလုပ်သမားတွေကို တွေ့ရစဉ်။ Photo: Ye Min - facebook
ထိုင်းနိုင်ငံတောင်ပိုင်း Kabi ကဗီမြို့က သစ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၃ ယောက် အရိုက်ခံ ရပြီး တစ်ယောက်ကို ဆေးရုံတင်ထားရတာကြောင့် အဲဒီစက်ရုံက အလုပ်သမား အယောက် ၃၀ ကျော်က အလုပ်မဆင်းဘဲ ဒီနေ့ တောင်းဆိုနေကြပါတယ်။

အလုပ်သမားတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့အတွက် လုပ်ငန်းခွင်မ၀င်ဘဲ တောင်းဆိုနေကြတယ်လို့ အဲဒီစက်ရုံက အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကျော်ဆန်းဌေးက ပြောပါတယ်။

"အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့က အလုပ်လည်း မဆင်းရဲဘူးပေါ့။ ဒီလိုကိစ္စ ဘယ်လိုဖြေရှင်းပေးမလဲပေါ့။ ဒီလိုဖြစ်တာ တစ်ကြိမ် နှစ်ကြိမ်လည်း မဟုတ်တော့ဘူး၊ သုံးကြိမ်မြောက်ဖြစ်သွားပြီဆိုတော့။ သူကတော့ ကတိကတော့ အထပ်ထပ်ပေးတယ်။ မဖြစ်စေရဘူးပေါ့။ မဖြစ်စေရဘူးလို့ တာဝန်ယူကတိပေးသော်ငြားလည်းပဲ ဒီလိုမျိုးဖြစ်ဖြစ်နေတာဆိုတော့ ခင်ဗျားတို့ရဲ့ ကတိတွေအပေါ်မှာ ကျနော်တို့ မယုံရဲဘူးပေါ့။ ကျနော်တို့အတွက်ကို ရန်ရှာလာရင် ဘယ်လိုလုပ်မလဲ။ ကျနော်တို့အတွက် အသက်အာမခံချက်ကလည်း ခင်ဗျားတို့က ကောင်းကောင်း မပေးနိုင်ဘူးဆိုတော့ ကျနော်တို့မှာလည်း အဆင်မပြေဘူးပေါ့။ ကျနော်တို့မှာလည်း အဲဒီကိစ္စလေးတွေနဲ့ အရင်းခံပြီး ပြောနေတာပါ"

အဲဒီစက်ရုံက မြန်မာအလုပ်သမားတချို့ကို ထိုင်းအလုပ်သမားတချို့က ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ အရင်ကလည်း ၂ ကြိမ်လောက်ဖြစ်ခဲ့ဖူးတာကြောင့် အဲဒီထိုင်းအလုပ်သမားတွေကို အလုပ်ထုတ်ပေးဖို့ အလုပ်ရှင်ကို တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

အဲဒီလို တောင်းဆိုတာတွေရှိခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ဘဏ်မှာ လစာငွေသွားထုတ်ရင်း မြန်မာအလုပ် သမား သုံးဦး အရိုက်ခံရတာဖြစ်ကြောင်းနဲ့ ဘယ်သူတွေက ရိုက်ခဲ့တယ်ဆိုတာကိုတော့ အတိအကျ မသိရသေး ဘူးလို့ ကိုကျော်ဆန်းဌေးက ပြောပါတယ်။

အဲဒီသစ်စက်ရုံမှာ မြန်မာအလုပ်သမား ခြောက်ရာလောက်ရှိပြီး ထိုင်းအလုပ်သမား ၁၅၀ ခန့်ရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီသစ်စက်အလုပ်ရုံကို ပို့ပေးတဲ့ အလုပ်သမားပို့ဆောင်ရေးကုမ္ပဏီက ကြားဝင်ညှိနှိုင်းပေးဖို့ စောင့်ဆိုင်းနေတယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
မြန်မာအလုပ်သမား ၃ ဦး ရိုက်နှက်ခံရ မြန်မာအလုပ်သမား ၃ ဦး ရိုက်နှက်ခံရ Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.