သီပေါမှာ ဒုက္ခသည်တွေ ထပ်တိုးလာနေ

သီပေါမြို့မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို တွေ့ရစဉ်/ Photo: Kan Thar/RFA
ရှမ်းပြည်မြောက်ပိုင်း သီပေါနဲ့ ကျောက်မဲမြို့နယ်တဝိုက်မှာ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ စစ်ရေးတင်းမာနေကြဆဲဖြစ်တဲ့အတွက် ဒုက္ခသည်တွေ သီပေါမြို့ပေါ်မှာ ဆက်လက်တိုးလာနေပါတယ်။

ဒီကနေ့ ထန်စန့်ရွာက စစ်ဘေးဒုက္ခသည် ၉၄ ယောက် ထပ်မံရောက်လာကြတယ်လို့ သီပေါနယ်စည်း မခြားပရဟိတအဖွဲ့က ကိုမျိုးက ပြောပါတယ်။

"အခုဒီနေ့က ထန်စန့်ရွာကနေ လူဦးရေ ၉၄ ယောက် အိမ်ထောင်စု ၂၆ စု ဘော်ကြိုမှာက လူဦးရေ ၃၀၀ နီးပါးကတော့ အိမ်ထောင်စု ၉၁ စုပေါ့၊ သူတို့ကို သီပေါမြို့ပေါ်က ရတနာရွှေဂူကျောင်း တိုက်ပေါ့နော်’’

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကတည်းက TNLA နဲ့ RCSS တို့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး သီပေါမြို့ ဘော်ကြိုဘုရားမှာ ဒုက္ခသည် ၃၀၀ နီးပါးလောက်ရှိကာ ဒီကနေ့ ရောက်လာသူတွေနဲ့ဆိုရင် ၄၀၀ နီးပါးလောက်ရှိနေပြီလို့ ပြောပါတယ်။

ဒီကနေ့ရောက်လာတဲ့ ဒုက္ခသည်တွေကို ရတနာရွှေဂူကျောင်းတိုက်မှာ နေရာချထားပေးပြီး သီပေါမြို့ ပေါ်က ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့၊ ပရဟိတအဖွဲ့တွေစုပေါင်းပြီး စားသောက်နေထိုင်ရေးအတွက် စီစဉ်ပေးထား တယ်လို့ ပြောပါတယ်။

သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေအပါအဝင် အမျိုးသမီးတွေ အများစုဖြစ်ကြပြီး ကျန်းမာရေးအတွက်ကိုလည်း သီပေါမြို့နယ်ဆေးရုံအုပ်ကြီးကိုယ်တိုင် ကျန်းမာရေးစောင့်ရှောက်ပေးထားရတယ်လို့ ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
သီပေါမှာ ဒုက္ခသည်တွေ ထပ်တိုးလာနေ သီပေါမှာ ဒုက္ခသည်တွေ ထပ်တိုးလာနေ Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.