ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ပချေးငွေရယူမယ့်အစီအစဉ်ကို လွှတ်တော်ဆိုင်းငံ့

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပစဉ်/ Photo: Myanmar Union Parliament Facebook
မဟာမဲခေါင်ဒေသအတွင်းက လမ်းမကြီးတွေ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ အာဆီယံ အခြေခံအဆောက်အအုံ ရန်ပုံငွေတို့ကနေ  ဆောက်လုပ်ရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ သန်း ၃၆၀ ချေးယူမယ့်ကိစ္စကို ပြန်လည်သုံးသပ်မှာဖြစ်တဲ့အတွက် ဆိုင်းငံ့ထားဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါ တယ်။

ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပုသိမ်နဲ့ ပဲခူး-သန်လျင်လမ်းမကြီး အဆင့်မြှင့်တင်ဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၃၄၀ အပါအ၀င် သန်း ၃၆၀ ချေးယူဖို့ကိစ္စကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လွှတ်တော်မှာ ရှင်းလင်းအပြီးမှာ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီချေးငွေရယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး မကြာခင်က လွှတ်တော်မှာ ဆွေးနွေးရာ ကိုယ်စားလှယ်အချို့က အတိုးနှုန်း မြင့်တာနဲ့ ချေးငွေရယူမယ့်အစီအစဉ်ကို မူအရ ထောက်ခံပေမယ့် ရန်ကုန်-မန္တလေးနဲ့ ရန်ကုန်-ပုသိမ်လမ်းတို့ကို အစိုးရက နိုင်ငံတကာက ချေးငွေရယူမယ့်အစား ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်ပေးသင့်တယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ရန်ကုန်- မန္တလေးလမ်းပိုင်းမှာ မကြာသေးခင်က အဆင့်မြှင့်တင်ထားတဲ့ လမ်းပိုင်းတွေပါဝင်တယ်ဆိုပြီး ဝေဖန်တာလည်းရှိခဲ့ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ ၀န်ကြီးဌာနတစ်ခုက ပြည်ပချေးငွေရယူမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး လွှတ်တော်က ပြန်လည်သုံးသပ်ဖို့အတွက် ဆိုင်းငံ့ဖို့ ဆုံးဖြတ်တာ ဒါ ပထမဆုံးပဲဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ပချေးငွေရယူမယ့်အစီအစဉ်ကို လွှတ်တော်ဆိုင်းငံ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ပချေးငွေရယူမယ့်အစီအစဉ်ကို လွှတ်တော်ဆိုင်းငံ့ Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.