ဟင်းပြင်းရွက် ရှာထွက်သော အမျိုးသမီးတစ်ဦး မိုင်းနင်းမိ ၍ ဘယ်ဘက်ခြေထောက် ပျက်စီး


မတ် ၁ ရက်

ရှထူးဇွပ်ကျေးရွာရှိ ရိုမန်ကတ်သလစ်ဆုတောင်းတောင်အနီးသို့ ဟင်းပြင်းရွက် ရှာထွက်သည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ ဘယ်ဘက် ခြေထောက်တစ်ချောင်း ပျက်ဆီးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အမျိုးသမီးသည် ရှထူးဇွပ်ကျေးရွာမှ အသက် ၂၈ နှစ်အရွယ် မဒိန်ရိန်ဆိုင်းမိုင် ဆိုသူ ဖြစ်ပြီး ၎င်းသည် ဖေဖော်ဝါရီလ ၂၈ ရက် နေ့လည် ၁၂ နာရီခန့်တွင် ရိုမန်ကတ်သလစ် ဆုတေင်းတောင်အနီးသို့ ဟင်းပြင်းရွက် ရှာဖွေရန် ထွက်လာစဉ် အထက်ပါအတိုင်း မိုင်းနင်းမိခြင်းဖြစ်ကြောင်း သိရသည်။
“ဘယ်ဘက် ခြေထောက် ခြေကျင်းဝတ်ကနေ ပြတ်ထွက်သွားတာ အရိုးပဲကျန်တယ်။ အကုန်လုံး တုံးတိဖြစ်သွားတယ်။ လက်တွေမှာလည်း မိုင်းစတွေ ထိထားတယ်။ သူမက ဆုတောင်းတောင်နဲ့ ဖြတ်ထားတဲ့ စပ်ကြားမှာ သစ်တုံးတစ်တုံးကို ကျော်လိုက်ချိန် မိုင်းနင်းမိသွားတာ” ဟု MRJ အဖွဲ့မှ ဆရာထွယ်အောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

လက်ရှိအချိန်တွင် တပ်ရင်း ၂၉၇ တပ်စခန်းနေရာ၌ ဌာနေပြည်သူ့စစ်များ စခန်းချ နေထိုင်လျက်ရှိပြီး ထိုတပ်စခန်းသည် ရိုမန်ကတ်သလစ် ဆုတောင်းတောင်၊ ဘုန်းကြီးကျောင်းနှင့် တစ်ဆက်တည်း ရှိသည့် စခန်းဖြစ်ကြောင်း သိရသည်။

မဒိန်ရိန်ဆိုင်းမိုင် ဆိုသူ မိုင်းနင်းမိ၍ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် ရှထူးဇွပ်ကျေးရွာရှိ တပ်ရင်း ၂၉၇ မှ ဌာနေပြည်သူ့စစ်များက အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့ပြီး ရွာသို့ ပြန်လည် အကြောင်းကြားခြင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
“မိုင်းသံကြားလို့ သွားကြည့်တော့ အမျိုးသမီးတစ်ယောက် ဒဏ်ရာရနေတယ်ဆိုပြီး လာပြောလို့ ကျွန်တော်တို့ သွားကြည့်တာ။ ပြည်သူ့စစ်သားတစ်ဦးက ရွာကိုလာပြောတာနဲ့ ကျွန်တော်တို့လည်း ချက်ချင်းသွားခဲ့တာ” ဟု ဆရာထွယ်အောင်က ဆက်လက်ပြောသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် မဒိန်ရန်ဆိုင်မိုင် ဆိုသူအား ဘန်ကောက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ သူမ ဆေးရုံသို့ ရောက်ရှိချိန်တွင် တပ်ရင်း ၂၈၇ ရှိ ပြည်သူ့စစ်မှ တာဝန်ရှိသူ ၄ ဦးခန့် ရောက်ရှိလာကြောင်း သိရသည်။
“ဆေးရုံရောက်တော့ ဆရာဝန်က လူနာအခြေအနေ အရမ်းဆိုးနေလို့ မြစ်ကြီးနားဆေးရုံကို ပို့ဖို့ လွှဲပြောင်းစာ ရေးပေးခဲ့တယ်။ ညနေ ၄ နာရီလောက်မှာ ထွက်လာတာ ၇ နာရီလောက်မှ မြစ်ကြီးနားဆေးရုံကို ရောက်တယ်” ဟု ဆရာထွယ်အောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း တပ်မတော်နှင့် ကေအိုင်အေ တပ်ဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် တပ်ရင်း ၂၉၇ က မိုးကောင်းချောင်း လီဒိုလမ်း တဖက်ကမ်းမှ တစ်မိုင်ပတ်လည်အတွင်းရှိ မည်သည့်နေရာကိုမျှ မသွားရန်၊ သွားလာခြင်းကြောင့် ဖြစ်ပွားလာမည့် မည်သည့်ကိစ္စရပ်ကိုမျှ တာဝန်ယူမည်မဟုတ်ကြောင်း ဒေသခံ ရွာသားများအား နှုတ်ဖြင့် အသိပေး အကြောင်းကြားထားသည်ဟု သိရသည်။

လဖိုင်လု
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
ဟင်းပြင်းရွက် ရှာထွက်သော အမျိုးသမီးတစ်ဦး မိုင်းနင်းမိ ၍ ဘယ်ဘက်ခြေထောက် ပျက်စီး ဟင်းပြင်းရွက် ရှာထွက်သော အမျိုးသမီးတစ်ဦး မိုင်းနင်းမိ ၍ ဘယ်ဘက်ခြေထောက် ပျက်စီး Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.