ငွေဆောင် Ocean Blue ဟိုတယ် တာဝန်ရှိသူများကို ခွင့်ပြုချက်မရှိဘဲ အဆောက်အဦ ဆောက်လုပ်သည် ဟုဆိုကာ စည်ပင်သာယာရေးအဖွဲ့ တရားစွဲ

Photo - Ocean Blue Hotel (facebook)
ငွေဆောင်ကမ်းခြေရှိ Ocean Blue ဟိုတယ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ တားမြစ်ချက်များကို လိုက်နာခြင်းမရှိဘဲ အဆောက်အဦးများ ပြီးစီးအောင်ဆောက်လုပ်ခဲ့သည့်အတွက် စည်ပင်သာယာရေး ဥပဒေများဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။

ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ဟိုတယ်အဆောက်အဦများ တည်ဆောက်မှုကို ဇွန်လကတည်းက ဆက်လက် ဆောက်လုပ်ခြင်း မပြုလုပ်ရန် သုံးကြိမ်တိုင်စာဖြင့် တားမြစ်ခဲ့သော်လည်း ဟိုတယ်က လိုက်နာခြင်း မရှိ၍ ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံ တင်ပြပြီး အစိုးရက ဥပဒေအရ အရေးယူရန် ညွှန်ကြားသဖြင့် တရားစွဲခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
‘‘ဟိုတယ်ရဲ့ ပိုင်ရှင်ရယ် ပိုင်ရှင်ရဲ့ သမီးရယ် မန်နေဂျာရယ်ကို တရားစွဲထားတာပါ။ စည်ပင်က တားနေတဲ့ ကြားကနေ ၃ ထပ်အဆောက်အဦးကို ပြီးအောင်ဆောက်သွားလို့ အစိုးရအဖွဲ့ကို တင်ပြပြီး အစိုးရအဖွဲ့ကလည်း တရားစွဲပါဆိုပြီး ညွန်ကြားလာလို့ အခုလို တရားစွဲဆိုရတာပါ။’’ဟု ငွေဆောင်ကမ်းခြေ မြို့စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။

ငွေဆောင်ဒေသတွင် ၂၀၀၀ ခုနှစ်မှ စတင်၍ သိမ်းဆည်းပြီး မြေကွက်အလွတ်အတိုင်းထားရှိသည့် မြေများတွင် ဟိုတယ်များ အဆောက်အဦးသစ်များ ထပ်မံ မဆောက်လုပ်ရန် ဥပဒေအတိုင်း မြေယာ လျော်ကြေး သီးနှံ လျော်ကြေးများ ပေးအပ်ရန် ဒေသခံ လူဦးရေ နှစ်ရာ ကျော်က လက်မှတ်ရေးထိုး၍ ကန့်ကွက်ထားသဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကမ်းခြေရှိ ဟိုတယ်များတွင် အဆောက်အဦသစ် ဆောက်လုပ်ခြင်းကို ခွင့်မပြုဘဲ အဟောင်းများကိုသာ သတ်မှတ်ချက်များနှင့်အညီ ပြုပြင်ရန် ခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။

“ဥပဒေအရဆို နှစ်ပေါင်းများစွားသိမ်းပြီး မြေကွက်အလွတ်အတိုင်းထားပြီးတော့မှ အခုအချိန်မှ အဆောက်အဦ ဆောက်လုပ်ရင် တရားမဝင်တော့ပါဘူး။ သိမ်ဆည်းစဉ်တုန်းကလည်း ဒေသခံတွေကို အုန်းတစ်ပင် ၁၅၀၀ ကျပ် လောက်ပဲပေးပြီး မြေဖိုးမပေးဘဲ သိမ်းခဲ့တဲ့အတွက် နစ်နာခဲ့တဲ့သူတွေကို မြေယာ လျော်ကြေးပြန်ပေးပြီးမှ ဆောက်လုပ်ဖို့ ကန့်ကွက်ထားတာပါ။”ဟု ငွေဆောင်မြို့ခံ ဦးအေးသန်းက ပြောသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ အပြည့်အစုံသိရှိရန် Ocean Blue ဟိုတယ် မန်နေဂျာ ဒေါ်ဥမ္မာစောထံ အကြိမ်ကြိမ် ဖုန်းခေါ်ဆိုသော်လည်း ပြန်လည် ဖြေဆိုခြင်း မရှိပေ။
ငွေဆောင်ဒေသခံ တောင်သူ ၂၄၈ ဦး ပိုင်ဆိုင်သည့် မြေဧက ၃၅၀ ကျော်ကို ငွေဆောင်ကမ်းခြေဖွံ့ဖြိုး တိုးတက်ရေးဟုဆိုကာ ၂၀၀၀ ပြည့်နှစ်တွင် စတင်သိမ်းဆည်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ငွေဆောင် Ocean Blue ဟိုတယ် တာဝန်ရှိသူများကို ခွင့်ပြုချက်မရှိဘဲ အဆောက်အဦ ဆောက်လုပ်သည် ဟုဆိုကာ စည်ပင်သာယာရေးအဖွဲ့ တရားစွဲ ငွေဆောင် Ocean Blue ဟိုတယ် တာဝန်ရှိသူများကို ခွင့်ပြုချက်မရှိဘဲ အဆောက်အဦ ဆောက်လုပ်သည် ဟုဆိုကာ စည်ပင်သာယာရေးအဖွဲ့ တရားစွဲ Reviewed by THITHTOOLWIN on 16:32 Rating: 5
Powered by Blogger.