လူငယ် နှစ်ထောင်ကျော် NLD ပါတီဝင်အဖြစ် ၀င်ရောက်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကယားပြည်နယ် စည်းရုံးရေးအဖွဲ့က ကျင်းပတဲ့ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကယားပြည်နယ်၊ လွိုင်လင်လေးမြို့မှာ ကျင်းပစဉ်/ ဓါတ်ပုံ - ကယားပြည်နယ် ၈၈ မျိုးဆက် အင်အားစု
ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ကျေးရွာ ၂၃ ရွာက လူငယ် ၂ ထောင် ကျော်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ် ၀င်ရောက်တဲ့အတွက် ပါတီဝင်အဖြစ် အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနားကို ဒီနေ့ လွိုင်လင်လေးမြို့ က ဘောလုံး အားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ၀င်ရောက်ကူညီရင်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ  ၀ိုင်းဝန်းပံ့ပိုးသွားမှာ ဖြစ်တယ်လို့ ပါတီဝင်အဖြစ် ၀င်ရောက်ခဲ့တဲ့ ကယားပြည်နယ် ၈၈ မျိုးဆက် အင်အားစုအဖွဲ့ တာဝန်ခံ ကိုသက်နောင်ထွန်း က ပြောပါတယ်။

"အဘက်ဘက်ကနေပြီးတော့မှ ပြုပြင်ပြောင်းလဲစရာတွေလည်း အများကြီးရှိတယ်ပေါ့။ ပြောင်းလဲချိန်တန်ပြီ ဆိုပြီးတော့လည်း ချက်ချင်းပြောင်းလဲလို့ မရတာတွေ အများကြီးရှိတယ်။ အဲ့ဒီတော့ ကျနော်တို့တွေက ဘေးကနေ ထိုင်ပြီးတော့ ဘေးထိုင်ဘုပြော၊ ဟိုပြောဒီပြော လုပ်နေမယ့်အစား ကိုယ်ကိုယ်တိုင် ထဲထဲဝင်ဝင် ၀င်လုပ် ၀င်ပြော၊ ၀င်လုပ်ဆိုတဲ့ သဘောထားတွေ ရှိပါတယ်။ တစ်နိုင်ငံလုံး အတိုင်းတာနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ ပါတီလည်း ဖြစ်တယ်။ အင်အားကြီးတဲ့ ပါတီလည်းဖြစ်တယ်။ ဆိုတော့ အစိုးရ ဖွဲ့စည်းနိုင်တဲ့ ပါတီလည်း ဖြစ်တယ်။ ၂၀၁၅ ငါးနှစ်တာ ကာလနဲ့ပဲ ပြုပြင်ပြောင်းလဲရေးအတွက် လုံလောက်တဲ့ အချိန် မဖြစ်နိုင်ဘူးလေ။ အဲတော့ ဘာပဲဖြစ်ဖြစ် ၂၀၂၀ အတွက် အနိုင်ရဖို့ လိုအပ်တဲ့အတွက် ကျနော်တို့က ၀ိုင်းဝန်းပံ့ပိုးပြီး ကြိုတင်ပြင်ဆင်တဲ့ သဘောပါ"

ကယားပြည်နယ် ၈၈ မျိုးဆက် အင်အားစုအဖွဲ့က လူအင်အား ၁၂၀ လောက် ပါတီဝင်အဖြစ် ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကလည်း ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ NLD ပါတီဝင်အဖြစ် လူအင်အား ၆၀၀ ကျော် ၀င်ရောက်ခဲ့ပါတယ်။

ကယားပြည်နယ်အတွင်းမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ချက်တွေ ရှိနေပြီး NLD ပါတီနဲ့အတူ လက်တွဲဆောင်ရွက်သွား မယ်လို့ ကိုသက်နောင်ထွန်းက ပြောပါတယ်။

NLD ပါတီအတွက် ဘာသာရေး၊ လူမျိုးရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အရေးကိစ္စတွေဟာ စိန်ခေါ်မှုတွေ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဥာဏ်ဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ဥက္ကဌ နဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
https://www.rfa.org/burmese
လူငယ် နှစ်ထောင်ကျော် NLD ပါတီဝင်အဖြစ် ၀င်ရောက် လူငယ် နှစ်ထောင်ကျော် NLD ပါတီဝင်အဖြစ် ၀င်ရောက် Reviewed by THITHTOOLWIN on 19:17 Rating: 5
Powered by Blogger.