စစ်တွေရှိ Gallant Ocean မှ အမျိုးသမီး အလုပ်သမား ၂၀ ကို အကြောင်းမရှိ၍ အလုပ်ဖြုတ်၍ အလုပ်သမား ၂၀၀ ကျော်က လမ်းပေါ်ထွက် တောင်းဆိုမှုပြုလုပ်


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရေထွက်လုပ်ငန်းကုမ္ပဏီတစ်ခု ဖြစ်သည့် Gallant Ocean မှ အမျိုးသမီး အလုပ်သမား ၂၀ ကို အလုပ် ဖြုတ်ပစ်ရာမှ သူမတို့၏ နစ်နာကြေးများကို ရရှိရန် အမျိုးသမီး အလုပ်သမား ၂၀၀ ကျော်က တောင်းဆိုနေကြောင်း သတင်းရရှိသည်။

“ ကျွန်မတို့က ဆန္ဒပြတာမဟုတ်ဘူး။ တောင်းဆိုတာပါ။ အလုပ်ရုံက အမျိုးသမီး အလုပ်သမား ၂၀ ကို အကြောင်းမဲ့ အလုပ်ဖြုတ်လိုက်တဲ့ အပြင် လျော်ကြေးသုံးလစာလည်း မပေးတဲ့ အတွက် ဒီအပေါ်မှာ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေ နစ်နာတဲ့ အတွက် ဒါကို မျှတမှုရှိအောင် တောင်းဆိုနေတာ ဖြစ်ပါတယ်” ဟု ၎င်းစက်ရုံမှ အလုပ်သမ တစ်ဦးဖြစ်သူ မထွေးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။


အမျိုးသမီး အလုပ်သမား ၂၀၀ ကျော်ခန့်သည် ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ Gallant Ocean အလုပ်ရုံမှ စတင်ပြီး အလုပ်သမားညွန်ကြားရေးဦးစီဌာ(ရခိုင်ပြည်ရုံး) အထိ လမ်းလျှောက်ချီတာကာ အမျိုးသမီး အလုပ်သမား ၂၀ အလုပ်ဖြုတ်ခံရခြင်း အပေါ် လာရောက် ညှိနှိုင်း ပေးရန် တောင်းဆိုကြသည်ဟု သိရသည်။

အလုပ်ဖြုတ်ခံရသူ မဦးမျှဝင်းမှ သူမတို့အား အလုပ်ပါးလာသဖြင့် အကြောင်းမရှိ အကြောင်းရှာပြီး အလုပ်ဖြုတ်ပစ်ခဲ့သည်ဟု ပြောဆိုသည်။

“ ကျွန်မတို့ကို မီးဖိုချောင်ကို ပြောင်းပါတယ်။ ကျွန်မတို့က မပြောင်းနိုင်လို့ဆိုတော့ ကျွန်မတို့ကို အလုပ်ဖြုတ်ပစ်ပါတယ်။ ဘာမှ အပြစ်မရှိဘဲနဲ့ ဖြုတ်ပစ်တာပါ။ အလုပ်ဖြုတ်ရင် လျော်ကြေး သုံးလ လစာ ကိုလည်း ပေးတာမရှိပါ။ ကျွန်မတို့က ခုလို အလုပ်ဖြုတ်ပစ်တဲ့ အတွက် အထူးနစ်နာပါတယ်” ဟု မဦးမျှဝင်းက ပြောဆိုသည်။


Gallant Ocean သည် တရုတ် ရေထွက်လုပ်ငန်းကုမ္ပဏီတစ်ဖြစ်ပြီး အဓိကအားဖြင့် ပုဇွန်နှင့် ငါးတို့ကို ကုန်ချောလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီ ဖြစ်သည်ဟု သိရသည်။

စက်ရုံမန်နေဂျာအား ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်မှု မရရှိသဖြင့် စက်ရုံဘက်မှ သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

Narinjara
https://www.facebook.com/Narinjara
စစ်တွေရှိ Gallant Ocean မှ အမျိုးသမီး အလုပ်သမား ၂၀ ကို အကြောင်းမရှိ၍ အလုပ်ဖြုတ်၍ အလုပ်သမား ၂၀၀ ကျော်က လမ်းပေါ်ထွက် တောင်းဆိုမှုပြုလုပ် စစ်တွေရှိ Gallant Ocean မှ အမျိုးသမီး အလုပ်သမား ၂၀ ကို အကြောင်းမရှိ၍ အလုပ်ဖြုတ်၍ အလုပ်သမား ၂၀၀ ကျော်က လမ်းပေါ်ထွက် တောင်းဆိုမှုပြုလုပ် Reviewed by THITHTOOLWIN on 13:45 Rating: 5
Powered by Blogger.