BXT ကုမ္ပဏီမှ သဲတူးဖော်ထားသည့် ရေအိုင်တွင် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှု ကုမ္ပဏီမှ တာဝန်ယူပေးရန် မိသားစုဝင်များလိုလား


စစ်တွေ၊ ဖေဖော်ဝါရီ ၂၃

စစ်တွေမြို့တွင် ရခိုင်ပြည်နယ်အစိုးရနှင့် ကိုးရီးယားကုမ္ပဏီ BXT တို့ပူးပေါင်းဆောင်ရွက်နေသော မြို့တိုးချဲ့မြေယာစီမံကိန်း၏ သဲတူးဖော်ထားသည့် ရေအိုင်အတွင်း ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှုအပေါ် ကုမ္ပဏီဘက်က တာဝန်ယူပေးစေလိုသည်ဟု မိသားစုဝင်များက ပြောသည်။

သေဆုံးသွားသည့်ကလေးငယ်မှာ စစ်တွေမြို့၊ တရားသီးစုရပ်ကွက် ဦးရွှေအောင်လမ်းနေ ဦးအောင်မြင့်ချေ (ကွယ်လွန်)နှင့် ဒေါ်သန်းဝင်းနုတို့၏သား အသက် ၁၃ နှစ်အရွယ် မောင်ခိုင်လင်းထွန်း (ခ) မောင်အောင်မြင့်သန်းဖြစ်သည်။

သူသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်က အဆိုပါစီမံကိန်းရှိ သဲတူးဖော် ထားသော ရေအိုင်တွင် သူငယ်ချင်း ၃ ဦးနှင့်အတူ ရေဆင်းကစားရာမှ နစ်မြုပ် သေဆုံးသွားခြင်း ဖြစ်သည်။


၂ဝ၁၆ ခုနှစ်ကလည်း ယခုအခင်းဖြစ်ပွားသည့်နေရာတွင်ပင် ဘောက်သီးစုရပ်ကွက်နှင့် လမ်းမတော်တောင် (၆ လမ်း)မှ ကျောင်းနေအရွယ်ကလေးနှစ်ဦးသေဆုံးသွားခဲ့ဖူးသဖြင့် ကုမ္ပဏီဘက်မှာ တာဝန်ပေါ့လျော့မှု ရှိနေကြောင်း မိသားစုဝင် တစ်ဦးက ပြောဆိုသည်။

"လုပ်ငန်းခွင်ပေါ့လျော့မှုကြောင့် အခုလိုသေဆုံးသွားတာပါ။ အစောင့်တွေဆိုလည်း တစ်ယောက်မှ မရှိဘူး။ ဒါကို တာဝန်ယူဖြေရှင်းပေးဖို့ ဒီနေ့ BXT ကုမ္ပဏီနဲ့ ရခိုင်ပြည်နယ်အစိုးရဝန်ကြီးချုပ်ကို စာရေးတင်ပြခဲ့ပါတယ်။ BXT ဘက်ကတော့ တာဝန်ရှိသူတွေနဲ့ညှိနှိုင်းပြီး ပြန်အကြောင်းကြား ပေးမယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ်ကတော့ ခရီးလွန်နေလို့ မတွေ့ခဲ့ရဘူး"ဟု ကလေးငယ်၏ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးကျော်ရွှေထွန်းက နိရဉ္စရာသို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး BXT ကုမ္ပဏီနှင့် ရခိုင်ပြည်နယ်အစိုးရထံ နိရဉ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

သေဆုံးသွားသည့်ကလေးငယ်သည် စစ်တွေ အထက (၅)ကျောင်းတွင် ပညာသင်ကြားနေသည့် ပဉ္စမတန်းကျောင်းသားတစ်ဦးဖြစ်ပြီး သူ၏အလောင်းအား ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စစ်တွေသုဿာန်၌ မီးသင်္ဂြိုလ်ခဲ့သည်။

ဓာတ်ပုံ - သေဆုံးသွားသည့်ကလေးငယ်နှင့် အခင်းဖြစ်ပွားသည့်နေရာအား တွေ့ရစဉ်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara-151742128171206/
BXT ကုမ္ပဏီမှ သဲတူးဖော်ထားသည့် ရေအိုင်တွင် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှု ကုမ္ပဏီမှ တာဝန်ယူပေးရန် မိသားစုဝင်များလိုလား BXT ကုမ္ပဏီမှ သဲတူးဖော်ထားသည့် ရေအိုင်တွင် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှု ကုမ္ပဏီမှ တာဝန်ယူပေးရန် မိသားစုဝင်များလိုလား Reviewed by THITHTOOLWIN on 09:11 Rating: 5
Powered by Blogger.