နယ်မြေလုံခြုံရေး ဆောင်ရွက်မှုမှာ အားနည်းချက်တွေရှိကြောင်း ကချင်နယ်လုံပြော

ကချင်ပြည်နယ် မှုခင်းကျဆင်းရေး နဲ့ လုံခြုံရေးကိစ္စတွေကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မြစ်ကြီးနားမြို့ စုပေါင်းရုံးမှာ တွေ့ဆုံရှင်းလင်းစဉ်/ Photo: Kyaw Myo Min/ RFA
ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အတွက် တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေးတွေ ဆောင်ရွက်ရာမှာ အားနည်းချက်တွေရှိနေကြောင်း ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် က ဒီနေ့ ပြောပါတယ်။

မြစ်ကြီးနားမြို့ စုပေါင်းရုံးမှာ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး မှုခင်းကျဆင်းရေးနဲ့ နယ်မြေလုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောကြားစဉ်မှာ ဗိုလ်မှူးကြီး သူရမျိုးတင် က ပြောတာဖြစ်ပါတယ်။

"လက်နက်ကိုင် ပဋိပက္ခတွေရှိတယ်။ နယ်မြေ မတည်ငြိမ်ဘူး။ အဲဒီတော့ တကယ့် လက်တွေ့ အကောင်အထည် ဖော်ရတဲ့အခါမှာ ပြဿနာရှိပါတယ်။ ပြောရရင် မတည်မငြိမ်ရှိတဲ့ အနေအထားမျိုးမှာ ပေါ့နော်။ ကျနော်တို့ အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ဖြစ်အောင် အစိုးရက ဦးဆောင်ပြီးတော့ ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်တဲ့အခါမှာလည်း ကျနော်တို့မှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ မြေပေါ်ရော၊ မြေအောက်ရော ဒါ ကျနော်တို့ ရှိပါတယ်။ အခု အနေအထားကတော့ ဒါ ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆိုလို့ရှိရင်ပေါ့နော်။ ကျနော်တို့ ကချင်ပြည်နယ်ရဲ့ လုံခြုံရေးရာ အနေအထားကို ခြုံငုံပြီး ကြည့်မယ်။ ဒါ အားရစရာမရှိဘူးပေါ့နော်။ ဒါ ကျနော်တို့ရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က မြစ်ကြီးနား မြို့မဈေးမှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘောဇ မီနီဘဏ်ဟာ ကျပ်သိန်း ၉၂၀ လုယက်ခံခဲ့ရပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်ပြီး သံသယရှိတဲ့လူတွေကို စစ်ဆေးနေဆဲဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင် က ပြောပါတယ်။

နှစ်စဉ် လူသတ်မှုတွေဖြစ်နေတဲ့ ဖားကန့်၊ မိုးညှင်း၊ မြစ်ကြီးနား စတဲ့ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ အကြီးစား မှုခင်းတွေကို စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ရဲမှူးကြီးက ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ တွေ့ဆုံပွဲမှာ နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အသွင်သဏ္ဍန်တူပုံစံ ယူနီဖောင်းတွေကို ဝတ်ဆင်သုံးစွဲခြင်းတွေ မပြုကြဖို့နဲ့ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်တဲ့အခါမှာ ပြည်သူတွေ  ပူးပေါင်းပါဝင်ကြဖို့ ပြောကြားခဲ့ပါတယ်။

မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ ဖားကန့်၊ မိုးကောင်းစတဲ့ ကချင်ပြည်နယ်က မြို့ရွာတွေ အားလုံးနီးပါးမှာ လုယက်သတ်ဖြတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

RFA Burmese
https://www.rfa.org/burmese
နယ်မြေလုံခြုံရေး ဆောင်ရွက်မှုမှာ အားနည်းချက်တွေရှိကြောင်း ကချင်နယ်လုံပြော နယ်မြေလုံခြုံရေး ဆောင်ရွက်မှုမှာ အားနည်းချက်တွေရှိကြောင်း ကချင်နယ်လုံပြော Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.