ဗိုလ်ချုပ်မွေးနေ့နဲ့ ကလေးများနေ့ အခမ်းအနားကျင်းပ

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့နဲ့ ကလေးများနေ့ အခမ်းအနားကို ၂၀၁၇ ခုနှစ်က ရန်ကုန်မြို့ NLD ပါတီဌာနချုပ်မှာကျင်းပခဲ့စဉ်။ Photo: RFA
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဒီနေ့ ကျရောက်တဲ့ ဗိုလ်ချုပ်မွေးနေ့ အခမ်းအနားနဲ့ ကလေးများနေ့ အခမ်းအနားကို ဒီနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်က ပါတီဌာနချုပ်မှာ ပါတီရဲ့ဗဟိုအမျိုးသမီးကော်မတီက ဦးဆောင်ကျင်းပခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့၁၀၃ နှစ်မြောက်မွေးနေ့နဲ့ ကလေးများနေ့ အခမ်းအနားမှာ  ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဌက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်ရေးအတ္ထုပတ္တိကို ဖတ်ကြားပေးခဲ့ပြီး တက်ရောက်လာတဲ့ ကလေးတွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ ကဗျာတွေ ရွတ်ခဲ့ကြပါတယ်။

မြို့ ကြီးတော်တော်များများမှာလည်း ဗိုလ်ချုပ်မွေးနေ့ အမှတ်တရနဲ့ ပဲပြုတ်နဲ့ နံပြား စတုဒီသာကျွေးတာတွေကို NLD ပါတီဝင်တွေက ဦးဆောင်ကျင်းပတာတွေရှိသလို အလှူရှင်တစ်ဦးချင်းစီကလည်း ပြုလုပ်ကြပါတယ်။

ရှမ်းပြည်နယ်ပင်လုံမြို့ မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ဗဟိုကော်မရှင်က ဦးဆောင်ပြီး သံဃာတွေကို ဆွမ်းကပ်ပြီး ကလေးတွေကို ပျော်ပွဲရွှင်ပွဲကျင်းပတာတွေ အားကစားပြိုင်ပွဲတွေ တိုင်းရင်းသားရိုးရာ အကဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်က သူ့ရဲ့နေအိမ်မှာ သံဃာတွေကို ဆွမ်းဆက်ကပ်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဗိုလ်ချုပ်မွေးနေ့နဲ့ ကလေးများနေ့ အခမ်းအနားကျင်းပ ဗိုလ်ချုပ်မွေးနေ့နဲ့ ကလေးများနေ့ အခမ်းအနားကျင်းပ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.