မောင်တောမှာ ဘူဒိုဇာနဲ့ထိုးပြီး မြေရှင်း

 မြေတူးစက်တွေနဲ့ ပြန်ညှိထား
ရခိုင်ပြည်နယ် မောင်တော ဒေသမှာ ပဋိပက္ခတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း ပြန်လည် ထူထောင်ရေးတွေ လုပ်ရာမှာ ဘူဒိုဇာ ခေါ် မြေထိုးစက်ကြီးတွေ သုံးပြီး မွတ်ဆလင် ရွာတွေကို မြေလှန် ရှင်းလင်း နေတယ်လို့ ပြည်ပ သတင်း ဌာနတွေ က ရေးသားကြပါတယ်။

ဒီလို ရှင်းတာဟာ ရေးသားနေသလို ထွက်ပြေးသွားသူတွေရဲ့ လက်ရာခြေရာတွေ မကျန်အောင် ဖျောက်ဖျက်တာ မဟုတ်ဘဲ မီးလောင်သွားတဲ့ နေရာတွေမှာ ရွာသစ်တွေ ပြန်အကွက်ရိုက်ဖို့ သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ အရ မြေတူးစက်တွေ သုံးပြီး ရှင်းနေတာလို့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး၊ ပြန်လည် နေရာချထားရေး ဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဘေးဒုက္ခရောက်တဲ့ နေရာတွေမှာ ပိုကောင်းတဲ့ အခြေအနေတရပ် ဖန်တီးဖို့ ဥပဒေက ညွှန်ကြားထားတာ လို့လည်း ဆိုပါတယ်။

ဘယ်နေရာတွေမှာ မြေညှိရှင်းတယ် ဆိုတာတော့ ဒီရက်ပိုင်းအတွင်း ရခိုင်ကို သွားမှ ပြည်နယ် အစိုးရဘက်ကို မေးရမယ်လို့လည်း ပြန်လည် ထူထောင်ရေး ဝန်ကြီးက ပြောပါတယ်။

ရွာကွက် ပိုစနစ်ကျအောင်နဲ့ လမ်းတွေချဲ့ဖို့ ဒီလို မြေညှိတာလို့လည်း ဆိုပါတယ်။
မီးလောင်ကျွမ်းတဲ့ နေရာတွေနဲ့ ကျေးရွာတခု
ဒါပေမဲ့ မောင်တောက မီးလောင်တဲ့ ရွာတိုင်း နေရာတိုင်း ဒီလို မြေညှိပစ်တာ မဟုတ်ဘဲ တချို့နေရာတွေမှာ အဆောက်အအုံတွေ ဗလီတွေ ဒီအတိုင်းကျန်ရစ်တာလည်း ရှိတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ဆိုပါတယ်။

မကြာခင်က မြန်မာပြည် မောင်တောထိ လာသွားတဲ့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဘောရစ် ဂျွန်ဆင်လည်း ကျန်တဲ့ နေရာ အဆောက်အအုံတွေ တွေ့ခဲ့တယ်လို့ သူက ပြောပါတယ်။

ပြန်လက်ခံဖို့ အတည်ပြုထားတဲ့ ရွာက လူတွေ အတွက် နေစရာ အိုးအိမ်တွေ စဆောက်နေပြီလို့လည်း ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
မောင်တောမှာ ဘူဒိုဇာနဲ့ထိုးပြီး မြေရှင်း မောင်တောမှာ ဘူဒိုဇာနဲ့ထိုးပြီး မြေရှင်း Reviewed by THITHTOOLWIN on 22:37 Rating: 5
Powered by Blogger.