တပ်နဲ့ မြောက်ပိုင်းမဟာမိတ်တိုက်ပွဲကြောင့် သိန္နီဒေသခံ ၁၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေး

တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တိုက်ပွဲကြောင့် သိန္နီ-ကွမ်လုံ လမ်းပေါ်က ကောင်းကော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်/ ဓါတ်ပုံ - စိုင်းစိန်လူ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ်နဲ့ သိန္နီမြို့နယ်အစပ်က ဟိုဆော်မွန်ကျေးရွာအနီးမှာ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတာကြောင့် ဟိုဆော်မွန်ကျေးရွာက အိမ်ထောင်စု ၂၆ စု လူဦးရေ ၁၄၆ ယောက်ဟာ သိန္နီမြို့နဲ့ ဆယ်မိုင်လောက်ဝေးတဲ့ သိန္နီ-ကွမ်လုံ လမ်းပေါ်က ကောင်းကော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ထွက်ပြေးလာနေကြရပါတယ်။

ထွက်ပြေးလာသူတွေကို ကူညီနိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။

မနေ့က နေ့လည်တစ်နာရီမှာ ကောင်းကော်အုပ်စု ဟိုမွန်းရွာနားမှာ တပ်မတော်နဲ့  မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ မိနစ်နှစ်ဆယ်လောက် တိုက်ပွဲဖြစ်ပြီး ဒီမနက် ဆယ့်တစ်နာရီလောက်မှာ လည်းတိုက်ပွဲဆက်ဖြစ်တာကြောင့် ဒေသခံတွေဟာ ကားလမ်းမဘက်ကို ထွက်ပြေးလာကြတာလို့  သိန္နီမြို့နယ်အမှတ်၂ မဲဆန္ဒနယ်က SNLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစိန်လူက ပြောပါတယ်။

ထွက်ပြေးလာသူတွေဟာ လီဆူတိုင်းရင်းသားတွေဖြစ်ပြီး အမျိုးသား ၇၅ ယောက်နဲ့ အမျိုးသမီး ၇၁ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာမှာ ကျန်နေသူ အနည်းငယ်ရှိနေပြီး ဒီနေ့ညနေမှာရောက်မလာရင် မနက်ဖြန်မနက်မှာ ကျေးရွာဘက်ကို သွားရောက်ကြည့်ရှုဖို့ ပြင်ဆင်ထားတယ်လို့ ဦးစိုင်းစိန်လူက ပြောပါတယ်။

ထွက်ပြေးလာသူတွေကို နေရာထိုင်ခင်းနဲ့ စားသောက်စရာတွေ စီစဉ်ပေးထားပြီး စောင်နဲ့ စားစရာတွေကတော့ လိုအပ်နေသေးတယ်လို့လည်း ဦးစိုင်းစိန်လူက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ အခုလ ၇ ရက်နေ့က တပ်မတော်နဲ့ TNLA တပ်တွေ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ် ကြိမ်းမွန်ကျေးရွာအုပ်စု ဒါခိုင်းရွာက ဒေသခံ ၁၅၀ ကျော်ဟာ သိန္နီမြို့နယ် ကောင်းအိုင်ဘုန်တော်ကြီးကျောင်းကို ထွက်ပြေးတိမ်းရှာင်ခဲ့ရပါသေးတယ်။

RFA Burmese
https://www.rfa.org/burmese
တပ်နဲ့ မြောက်ပိုင်းမဟာမိတ်တိုက်ပွဲကြောင့် သိန္နီဒေသခံ ၁၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေး တပ်နဲ့ မြောက်ပိုင်းမဟာမိတ်တိုက်ပွဲကြောင့် သိန္နီဒေသခံ ၁၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေး Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.