'စည်းကမ်းလေး ရှိပေးပါ' ဒေါက်တာချစ်ဝင်းလေး

Photo- Dr.Chit Win Lay
မိဘများ သားသမီးကိုချစ်သည်မှန်သော်လည်း မိမိတို့၏ ပေါ့လျော့မှုကြောင့် မဖြစ်သင့်သည်များဖြစ်နေသည်ကို မကြာ ခဏ မြင်တွေ့နေရပါသည်။ ချစ်ရာမရောက် နှစ်ရာရောက်သည်ဟု မြင်မိပါသည်။
'ဆရာ သမီးလေးရဲ့ အာခေါင်ထဲကို ဘီးချွန်နဲ့ထိုးမိလို့' ဟု အလောတကြီးနှင့် ဆေးရုံရောက်လာပေသည်။
'ဘယ်က ဘယ်လို ဖြစ်တာလဲ '
'ဖြစ်ကြောင်းကုန်စင် ပြောပြပါဦးစိတ်ဝင်စားလို့ပါ ဘီးရဲ့အချွန်ဘက်က ကလေးအာခေါင်ထဲ ထိုးမိတယ်ဆိုတော့ စိတ် ဝင်စားလို့ပါ'

'ကျွန်မခေါင်းလျှော်ပြီး ဘီးကို အောက်ထားမိပါတယ် ဆံပင်မခြောက်သေးလို့ ဆံပင်ကို တဘက်နဲ့ သုတ်နေတုန်း က လေးက ဘီးကို ယူဆော့တယ်။ ဘီးကိုပြန်တောင်းတော့ ကလေးက မပေးပဲ ပြေးလို့ ခလုတ်တိုက်မိပြီး အာခေါင်ထဲကို ဘီးအချွန်ဘက်နဲ့ ထိုးမိတာပါ ကျွန်မကလေးကို ကြည့်ပေးပါဦး ဆရာ'
'ဟုတ်ပါပြီ ကြည့်ပေးမှာပေါ့'

ကံကောင်းသည်ဟုပြောရပေမည်။ ဘီးချွန်အနည်းငယ်သာ စိုက်ဝင်သွားခဲ့၍ ဒဏ်ရာကြီးကြီးမားမား မရခဲ့ပေ။ သင့် တော်သော ကုသမှုပေးပြီး အိမ်တွင် ဆေးဆက်တိုက်ရန်သာ လိုအပ်ကြောင်းနှင့် နောင်ဂရုစိုက်ရန်မှာပြီး ပြန်ခွင့်ပြု ခဲ့သည်။

နောက်တစ်ယောက်ကား ကျောင်းတွင် သန့်ရှင်းရေးလုပ်နေစဉ် သံစူး၍ ကျောင်းအုပ်ဆရာမ ကိုယ်တိုင် လာပို့သော ကျောင်းသားလေးဖြစ်သည်။

'ဆရာရေ ကျောင်းမှာ သန့်ရှင်းရေးလုပ်ရင်း ကလေးကို သံစူးသွားလို့ လာပို့ပေးတာပါ'
'ကျွန်မတို့ တတ်သလောက်တော့ ကျောင်းမှာဆွဲနှုတ်ကြည့်ပါသေးတယ်။ ဒါပေမဲ့ သံကိုနှုတ်လို့မရဘူး ဆရာ ကလေး လည်း တအားနာလို့ထင်တယ် အနှုတ်ကိုမခံတော့လို့ ဆေးရုံပဲလာခဲ့တော့တာပါ'
ထုံဆေးပေးပြီး စူးဝင်နေသော သံချောင်းကို ဆွဲနှုတ်ပေးခဲ့ရသည်။

ဆွဲနှုတ်ပြီးသော သံချောင်းကိုကြည့်သော် သံချောင်း ကောက်၍ ကျောင်းတွင် ဆွဲနှုတ်၍ မရခြင်းဖြစ်သည်။ မေးခိုင်ကာကွယ်ဆေးထိုးပေးပြီး နာကျင်မှု သက်သာစေရန် သောက်ဆေးပေးပြီး ကျောင်းတက်အမီ ပြန်ခွင့်ပေးခဲ့ပြန်ပါသည်။

တတိယဖြစ်စဉ်ကား နားထဲသို့ ခါခြင်ဝင်သွားသည့်ဖြစ်စဉ်ဖြစ်ပေသည်။ ဘုန်းတော်ကြီးကျောင်းမှ ကိုရင်လေး အပင်ပေါ် တက်ဆော့ရင်း ဝင်ခြင်းဖြစ်သည်။ ခါခြင်ကောင်အပြင်သို့ထွက်၍မရလေ နားတွင်းထဲကိုက်လေ ကိုရင့်ခင်ဗျာ နာကျင်၍ အော်လေဖြစ်ပြီး မိဘများမှ ဆေးရုံသို့ခေါ်လာခြင်းဖြစ်သည်။ ကိုရင်အဖြစ်သည်လည်း ကြုံတောင့်ကြုံခဲသည့် အဖြစ်မျိုး ပေ။ ချွဲစုပ်သောစက်ဖြင့် ခါခြင်ကောင်ကို စုပ်ထုတ်၍ ရလေအောင်ကြံဖန်ရပြန်သည်။

ကိုရင်လေး နာကျင်လွန်း၍ နားကို အထိမခံ ရွှေပန်းကန်ဖြစ်နေခြင်းကြောင့် ဖြစ်နေခဲ့သည်။ ဥာဏ်နီ ဥာဏ်နက်များဖြင့် ခါခြင်ကောင်ကို အောင်မြင်စွာ ထုတ်ပေးနိုင်ခဲ့ပြန်သည်။

ပထမဖြစ်စဉ်နှင့် ဒုတိယဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် စည်းကမ်းမရှိခြင်းကြောင့် ကလေးများ မတော်တဆ ဖြစ်ခဲ့ကြ ကြောင်း သိရှိကြပေမည်။ မည်သည့်အတွက်ဖြစ်ရသည်ကို သိရှိပြီးလျှင် ပြင်ဆင်ရပေမည်။ ပထမဖြစ်စဉ်တွင် မိမိအိမ် တွင် ကလေးငယ်ရှိနေမှန်းသိပါသော်လည်း ပေါ့ဆခဲ့သည့်အတွက် ကလေးငယ်မှ ခေါင်းဖြီးဘီးကို ဆော့စရာဟု မှတ် ကာ ယူဆော့ခဲ့သည်။

သိမ်းမည်ဟု မိခင်မှ လိုက်တောင်းသော် ဘီးပြန်မပေးချင်၍ပြေးပြီး ဘီးအချွန်ဘက်ကို ပါးစပ်တွင် ငုံပြီး ခလုတ်တိုက် လှဲသည့်အတွက် အာခေါင်ကိုထိုးမိသည်။ ခေါင်းဖြီးဘီးကို အသုံးပြုပြီးပါက ကလေးလက်လှမ်း မမီ သော အမြင့်နေရာတွင် ပြန်ထားသင့်သည်။

သို့မှသာ ကလေးယူရန် မမီပဲ မတော်တဆဖြစ်ရန် ကာကွယ်ပြီးဖြစ်ပေမည်။ သတိဆိုသည်မှာ ပိုသည်မရှိပါ။ ပေါ့လျော့ မှုကြောင့် ကလေးများ၏အသက်ဆုံးရှုံးခြင်းမျိုး မဖြစ်စေချင်ပါ။ စည်းကမ်းရှိသင့်သည်များ စည်းကမ်းရှိဖို့လိုအပ်ပါသည်။ 'ငါလုပ်သည်မှာ အမှန်တွေချည်း' ဟူသော အတ္တများလျော့ပြီး မိမိတတ်သည့်အတိုင်းအတာအလျောက် အမှိုက်မှအစ စွန့်ပစ်သင့်သည်နေရာတွင် စွန့်ပစ်တတ်သည်အထိ စည်းကမ်းရှိရန် လိုအပ်သည်။

ဒုတိယဖြစ်စဉ်တွင်လည်း မိမိတဖန်အသုံးပြန်ပြုရန် မလိုအပ်ဟု သတ်မှတ်သော သံတိုသံစများကို ပစ်ချင်ရာပစ် စည်း ကမ်းမရှိ၍ ကျောင်းသားလေးသန့်ရှင်းရေးပြုလုပ်ရင်း သံစူးခဲ့ရပြန်သည်။ ထိုသံတိုသံစကို ကျင်းတူးပြီးမြုပ်ခဲ့လျှင် ကျောင်းသားကို သံစူးစေမည့် မတော်တဆမှုကို ကာကွယ်ပြီးဖြစ်ပေမည်။ သံစူး၍ မေးခိုင်ပိုးဝင် သေဆုံးရမည့် မ တော်တဆ အသက်ဆုံးရှုံးမှုမျိုး ကြိုတင်ကာကွယ်ခြင်း မည်ပေမည်။ 'စည်းကမ်းလေး ရှိပေးကြပါ' ဟုသာ ထပ်မံ တိုက်တွန်းရပေမည်။

တတိယဖြစ်စဉ်သည်လည်း ကလေးများ အန္တရာယ်ရှိသော အမြင့်သစ်ပင်ပေါ်သို့ တက်ရောက်ဆော့ခြင်းကို ကာကွယ် နိုင်ရန် အကျိုးအကြောင်း ပြောပြ၍ ဖြစ်နိုင်သော အန္တရာယ်ကို ကြိုတင်ကာကွယ်သင့်ပါသည်။ ကလေးများအရွယ် သည် အသစ်အသစ်များကို လေ့လာစူးစမ်းချင်သကဲ့သို့ မလုပ်ဖူးသောအရာကို လုပ်ချင်ကြသော အရွယ်များဖြစ်သည်။ ဤအရာများကို လူကြီးများက အကျိုးအကြောင်း သင့်၏ မသင့်၏ သင်ကြားပြသပေးသင့်သည်။ သို့မှသာ ကလေးများ အန္တရာယ်ရှိသော နေရာများသို့ တက်၍ ဆော့ခြင်းမှ ကင်းငြိမ်းပေလိမ့်မည်။

မိမိတတ်နိုင်သည့်အတိုင်းအတာများကို မိမိဘာသာတာဝန်ယူ၍ စည်းကမ်းရှိရှိလုပ်ဆောင်လျှင် မလိုအပ်သော ကလေး များ မတော်တဆဖြစ်မှု လျော့ချပေးနိုင်ပေလိမ့်မည်။ ပစ္စည်းများကို ထားသင့်သည့်နေရာတွင် ထားရှိခြင်းဖြင့် စည်းကမ်း လေးရှိပေးဖို့ တိုက်တွန်းလိုက်ရပါသည်။

 ဒေါက်တာချစ်ဝင်းလေး
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
'စည်းကမ်းလေး ရှိပေးပါ' ဒေါက်တာချစ်ဝင်းလေး 'စည်းကမ်းလေး ရှိပေးပါ' ဒေါက်တာချစ်ဝင်းလေး Reviewed by THITHTOOLWIN on 05:35 Rating: 5
Powered by Blogger.