နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး မြန်မာနိုင်ငံတွင်းမှ နွားများကို ခိုးယူမှုရှိနေ

(ဓာတ်ပုံ- မောင်တောနယ်စပ်တွင် နွာမွေးမြူရေးဖြစ်ထွန်းသဖြင့် တိုင်းရင်းသားများ အိမ်တိုင်းလိုလို နွားမွေးကြသည်)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၆

ဘင်္ဂလာဒေ့ရှ်နှင့် နယ်စပ်ချင်း ကပ်ရပ်တည်ရှိနေသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ဘက် တိုင်းရင်းသားကျေးရွာများမှ နွားများကို တစ်ဘက်နိုင်ငံမှ ဘင်္ဂလာဒေ့ရှ် မသမာသူများ ၀င်ရောက်ပြီး ခိုးယူမှုများ ရှိနေကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီခန့်ကလည်း ကလေးငယ် နှစ်ဦးကျောင်းနေသည့် နွား ၄ ကောင်ကို တစ်ဘက်နိုင်ငံမှ ၀င်ရောက်လာသူ လူဦး ၈ ဦးမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်သို့ ဆွဲယူသွားခဲ့သည့် ဖြစ်ရပ် တစ်ခု ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံ တစ်ဦးဖြစ်သူ ကိုဇော်က ပြောသည်။

“ စုစုပေါင်း နွား ၄ ကောင်ပါ။ မင်္ဂလာညွှန့်ရွာက ဒိုင်းနက်လူမျိုးတွေပိုင်တဲ့ နွားတွေပါ။ ကလေးနှစ်ယောက် ကျောင်းနေတုန်း ဘင်္ဂလီ ၈ ဦးက ဆွဲယူသွားတဲ့အတွက် ရွာသား ၃၀ ခန့်က လိုက်သွားတော့ နွားတွေကို ရဲဇူး တောင်ကျော်လမ်းမှာ ပြန်တွေ့ပါတယ်။ ဘင်္ဂလီတွေကတော့ ထွက်ပြေးသွားပါတယ်” ဟု သူက ပြောသည်။

မင်္ဂလာညွှန့်ရွာတွင် ရခိုင်၊ ဒိုင်းနက်စသည့် တိုင်းရင်းသားများနေထိုင်ပြီး အိမ်ခြေ ၈၀ ခန့်ရှိကြောင်း သိရသည်။

အလားတူ ကြာသပတေးနေ့ကလည်း တမန်းသားကျေးရွာမှ နွားထီးတစ်ကောင်ကို နယ်စပ် ခြံစည်ရိုးသို့ ဆွဲခေါ်သွားသဖြင့် ရွာသားများ လိုက်ပါသွားရာမှ နွားကို ပြန်လည် ရရှိခဲ့ပြီး အပြန်အလှန် တိုက်ခိုက်မှုများရှိခဲ့သည်ဟု သိရှိရသည်။

“ သူတို့က တမန်းသားက နွားကို ငရံ့ချောင်းဘက်ကို ဆွဲခေါ်သွားတာမှာ ရွာသားတွေ လိုက်ပါသွားတဲ့ အတွက် ခြံစည်းရိုးအနီးက ပြန်ရခဲ့ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက်တော့ ပြသနာ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဘင်္ဂလာဒေ့ရှ်နယ်စပ်က တောင်ကျော်လမ်း ၂ ခုဖြစ်တဲ့ သင်္ဘောလှနဲ့ ရဲဇူး (ဝေလာတောင်)ဘက်ကနေ ၀င်ရောက်ပြီး နွားခိုးမှုတွေရှိနေပါတယ်” ဟု တမန်းသားကျေးရွာသား တစ်ဦးက ပြောသည်။

လောလောဆယ် နယ်စပ်တွင် အကြမ်းဖက်သမားများ လူပ်ရှားမှု မရှိကြောင်း၊ ယခု ရက်ပိုင်းအတွင်း ငြိမ်နေကြောင်း၊ သို့သော် နယ်စပ်ကို ကျော်ပြီး နွားခိုးမှုများ ဖြစ်ပေါ်နေကြောင်း ၎င်းကျေးရွာသားက ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နယ်ခြားစောင့်တပ်ဖွဲ့သို့ မေးမြန်းဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့် အာဏာပိုင်များက သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။

Narinjara
https://www.facebook.com/Narinjara
နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး မြန်မာနိုင်ငံတွင်းမှ နွားများကို ခိုးယူမှုရှိနေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး မြန်မာနိုင်ငံတွင်းမှ နွားများကို ခိုးယူမှုရှိနေ Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.