ဖျက်ဆီးခံလိုက်ရတဲ့ ပြည်ထောင်စု လမ်းမကြီး လမ်းပိုင်းတွေကို အမြန်ဆုံး ပြုပြင်ဖို့ အဆို လွှတ်တော် မှတ်တမ်းတင်

ကေအိုင်အေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ဖျက်ဆီးခဲ့တဲ့ လမ်းပိုင်းတွေကို အစိုးရက အမြန်ဆုံး ပြုပြင်ဆောင်ရွက်ဖို့ အရေးကြီးအဆိုကို ၂၀၁၈ ဖေဖော်ဝါရီ ၇ ရက်နေ့က ကချင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းစဉ်။ Photo: Kyaw Myo Min/ RFA
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စု လမ်းမကြီးကို တိုင်းရင်းသား ပြည်သူတွေ တည်ငြိမ်အေးချမ်း လုံခြုံချောမွေ့စွာ သွားလာနိုင်အောင် အမြန်ဆုံး ဆောင်ရွက်သွားမယ်လို့ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် က  ဒီနေ့ ပြောပါတယ်။

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်းမှာ ကေအိုင်အေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ဖျက်ဆီးခဲ့တဲ့ လမ်းပိုင်းတွေကို သွားလာလို့ရအောင် အစိုးရက အမြန်ဆုံးဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို လွှတ်တော်မှာ ပြန်လည် ဖြေကြားရာမှာ ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ ကိုယ်စားလှယ်ကြီးတစ်ယောက် ဆွေးနွေးသွားတဲ့ အထဲမှာ ပါပါတယ်။ အုပ်ချုပ်မှု ယန္တရား ပျက်စီးမယ် ဆိုတဲ့ ထောက်ပြ ဆွေးနွေးသွားတာရှိပါတယ်။ မှန်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ မည်သို့ပင်ရှိခဲ့ရှိခဲ့ ကျနော်တို့ကတော့ တည်ဆဲအုပ်ချုပ်မှု ယန္တရားကို အပျက်ပြားမခံနိုင်ပါဘူး။ ရတဲ့ နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ အမြန်ဆုံး  ဒီလမ်းကို လုံလုံခြုံခြုံ ချောချောမွေ့မွေ့ သွားနိုင်ဖို့အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကတိပြု ပြောကြားလိုပါတယ်။ နောက် အဆိုရှင်ရဲ့ ဆွေးနွေးအကြံပြုချက်ထဲမှာလည်း ပါတာရှိပါတယ်။ ကျနော်တို့ ဒီလမ်းကို အခုထက်ပို လုံခြုံအောင် ဆောင်ရွက်ပေးနိုင်ဖို့ ဒါကိုလည်း ကျနော်တို့ အသေးစိတ် စီမံပါမယ်"

အစိုးရ တပ်မတော်ဘက်က စစ်ဆင်ရေး မလုပ်နိုင်အောင်လို့ဆိုပြီး မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်က လမ်းတံတား နဲ့ စက်ယန္တရားတချို့ကို ဇန်နဝါရီ လကုန်ပိုင်းမှာ ကေအိုင်အေက ဖျက်ဆီးလိုက်ပြီးနောက်ပိုင်း ပူတာအိုခရိုင်မှာ လမ်းတွေပြတ်တောက်ပြီး ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတာဖြစ်ပါတယ်။

လက်ရှိ ပူတာအိုမှာ ဆန်တစ်ပြည် ၅ ထောင် ကျပ်၊ ဓါတ်ဆီ တစ်ပုလင်း ၆ ထောင် ကျပ် ဈေးပေးရပြီး ကျန်တဲ့ ကုန်ပစ္စည်းတွေအားလုံးလည်း ဈေးတက်ကုန်တယ်လို့ သိရပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် ပူတာအိုမြို့နယ်ရဲ့ အမှတ် ၂ မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန်က အရေးကြီးအဆိုကို ဒီကနေ့ လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။

အဆိုကို အမည်စာရင်း တင်သွင်းထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် အမည်မပေးထားတဲ့ ကိုယ်စားလှယ် အားလုံးပေါင်း ၈ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး အဆိုရှင်ရဲ့ ဆန္ဒအရ အဲဒီ အရေးကြီးအဆိုကို ကန့်ကွက်သူမရှိဘဲ မှတ်တမ်းတင်လိုက်ပါတယ်။

မြို့နယ် ၅ ခု နဲ့ ဖွဲ့စည်းထားတဲ့ ပူတာခရိုင်မှာ ရှမ်း၊ လီဆူ၊ ရဝမ် ဂျိန်းဖော စတဲ့ တိုင်းရင်းသားတွေနဲ့ နိုင်ငံဝန်ထမ်း တချို့ နေထိုင်ကြတာဖြစ်ပြီး ၂၀၁၄ ရှေ့ပြေးသန်းခေါင်စာရင်းအရ လူဦးရေ ၉ သောင်းကျော်ရှိပါတယ်။

မြစ်ကြီးနားကနေ ပူတာအိုအထိ မိုင် ၂ ရာကျော် အကွာအဝေးရှိတဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်းဟာ ပူတာအိုဒေသရဲ့ ကုန်စည် ကူးသန်းသွားလာရေးအတွက် အဓိက အားထား နေရတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဖျက်ဆီးခံလိုက်ရတဲ့ ပြည်ထောင်စု လမ်းမကြီး လမ်းပိုင်းတွေကို အမြန်ဆုံး ပြုပြင်ဖို့ အဆို လွှတ်တော် မှတ်တမ်းတင် ဖျက်ဆီးခံလိုက်ရတဲ့ ပြည်ထောင်စု လမ်းမကြီး လမ်းပိုင်းတွေကို အမြန်ဆုံး ပြုပြင်ဖို့ အဆို လွှတ်တော် မှတ်တမ်းတင် Reviewed by THITHTOOLWIN on 21:57 Rating: 5
Powered by Blogger.