မကွေးမီးလောင်မှု လူဦးရေ ၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

မကွေးတိုင်း၊ ဆူးတပ်ကြီးရွာမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လောင်တဲ့မီးကြောင့် ပျက်စီးသွားတဲ့အိမ်တွေကို တွေ့ရစဉ်/ Photo: Saung Saung Hoon Facebook
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာအုပ်စု၊ ဆူးတပ်ကြီးကျေးရွာမှာ မနေ့ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူဦးရေ ၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။

နေအိမ် စုစုပေါင်း ၃၁ အိမ်ပျက်စီးသွားတာဖြစ်ပြီး မီးဘေးသင့်သူတွေအတွက် ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာ ကယ်ဆယ်ရေးစခန်းပုံစံမျိုး ဖွင့်ထားရတယ်လို့ မြို့သစ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မျိုးဝင်း က ပြောပါတယ်။

"ဆူးတပ်ကြီးကျေးရွာမှာ မနေ့က မီးလောင်မှုဖြစ်ပွားတာပေါ့နော်၊ မီးထဲပါသွားတဲ့အိမ်ခြေက ၂၇ အိမ်ဖြစ်ပြီးတော့ ကျန်တဲ့ ၄ အိမ်က မီးဟပ်ခံရပြီးတော့ ပျက်စီးဆုံးရှူံမှုဖြစ်ပေါ်တာပေါ့၊ စုစုပေါင်း ရင်တော့ ၃၁ အိမ်လို့ ကျနော်တို့ ပြောလို့ရပါတယ်၊ အခုတော့ ကျနော်တို့ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံမှာပဲ ကယ်ဆယ်ရေးစခန်းပုံစံမျိုးလုပ်ပြီးတော့ လိုအပ်တဲ့အကူအညီတွေကို လက်ခံပြီးတော့ ဆောင်ရွက်နေ တာတွေရှိပါတယ်။"

နေအိမ်တစ်အိမ်မှာ  ထမင်းချက်ရာကနေ မီးစလောင်တာဖြစ်ပြီး မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက်  စတဲ့မြို့နယ် တွေက မီးသတ်တပ်ဖွဲ့တွေနဲ့ တပ်မတော်ဘက်က မီးသတ်ယာဉ်တွေ လာရောက်  ငြိမ်းသတ်ပေး ကြတယ်လို့ ပြောပါတယ်။

ညနေ ၅ နာရီခွဲဝန်းကျင်က စလောင်တာဖြစ်ပြီး ၃ နာရီကြာမြင့်ခဲ့ပါတယ်။

အဲဒီမီးလောင်မှုကြောင့် နေအိမ်တချို့မှာ လှောင်ထားတဲ့စပါးတွေနဲ့ မျိုးစပါးတွေပါ ပျက်စီးသွားတယ်လို့ ဦးဇော်မျိုးဝင်း က ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မီးလောင်မှုစဖြစ်တဲ့နေအိမ်က တစ်ဦးကို ဖမ်းဆီးထားပြီး ဒန့်ဒလွန်ပင် နယ်မြေရဲစခန်း မှာ (ပ)၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးလောင်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
မကွေးမီးလောင်မှု လူဦးရေ ၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ် မကွေးမီးလောင်မှု လူဦးရေ ၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ် Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.