နိုင်ငံတကာကူညီရေးအဖွဲ့တွေကို ဗြိတိန်အစိုးရ သတိပေး


နိုင်ငံတကာ လူသားချင်းစာနာကူညီရေးအဖွဲ့တွေရဲ့ ဝန်ထမ်းတွေကြား မသင့်တော်တဲ့ ဖိုမကိစ္စတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းကြဖို့ ဗြိတိန်အစိုးရက တိုက်တွန်းလိုက်ပြီး၊ မဖြေရှင်းနိုင်ရင် ဗြိတိန်အနေနဲ့ ရန်ပုံငွေ ဖြတ်တောက်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

နာမည်ကျော် Oxfam အဖွဲ့ ရဲ့ ၂၀၁၁ ခုနှစ် ဟေတီနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ ပြဿနာ တစ်ရပ်နဲ့ ပတ်သက်ပြီး၊ တခြားအဖွဲ့တွေအနေနဲ့ စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းကြဖို့ သတိပေးလိုက်တာဖြစ်ပါတယ်။

ဟေတီနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်က လူ သုံးသိန်းလောက် သေဆုံးခဲ့ရတဲ့ ငလျင်ဘေးအတွက် နိုင်ငံတကာ ကူညီရေးအဖွဲ့တွေ သွားရောက် ကူညီခဲ့ကြရာမှာ၊ဗြိတိန်အခြေစိုက် Oxfam အဖွဲ့ ရဲ့ အကြီးတန်းအရာရှိ တဦးက ငယ်ရွယ်တဲ့ ပြည့်တန်ဆာတွေကို ဝန်ထမ်းအဖြစ် ငှားရမ်းခဲ့ပါတယ်။ အဲဒီအကြောင်း The Times သတင်စာက ဖွင့်ချရေးသားခဲ့ပါတယ်။

အလားတူ Sunday Times သတင်းစာကလည်း ပြီးခဲ့တဲ့နှစ်အတွင်း ဗြိတိန်နိုင်ငံရဲ့ ထင်ရှားတဲ့ ကူညီရေးအဖွဲ့တွေမှာ လုပ်ကိုင်နေကြတဲ့ ၀န်ထမ်းပေါင်း ၁၂၀ ကျော်ဟာ လိင်ပိုင်းဆိုင်ရာ မသင့်မတော် ပြုမူခံခဲ့ကြရတယ်လို့ ဖေါ်ထုတ်ခဲ့ပါတယ်။ အဲဒီထဲမှာ ဝန်ထမ်းပေါင်း ၅ ထောင်လောက်ရှိပြီး၊ စေတနာ့ဝန်ထမ်း နှစ်သောင်းကျော်ရှိတဲ့ Oxfam အဖွဲ့ဆိုရင် မနှစ်က လိင်ပိုင်းစော်ကားမှု ၈၇ မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လာမယ့်သီတင်းပတ်အတွင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ကျင်းပမယ့် အကြမ်းဖက် ဖြေရှင်းနည်းများ အဆုံးသတ်ရေး ဆွေးနွေးပွဲမှာ နိုင်ငံတကာ အလှူရှင်တွေ၊ အဖွဲ့အစည်းတွေ ဦးဆောင်ဆွေးနွေး အဖြေရှာကြဖို့ ဗြိတိန်အစိုးရ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွင်းရေးမှူး က တိုက်တွန်းလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
နိုင်ငံတကာကူညီရေးအဖွဲ့တွေကို ဗြိတိန်အစိုးရ သတိပေး နိုင်ငံတကာကူညီရေးအဖွဲ့တွေကို ဗြိတိန်အစိုးရ သတိပေး Reviewed by THITHTOOLWIN on 11:14 Rating: 5
Powered by Blogger.