သက်ငယ် မုဒိမ်းမှုတွေကို သေဒဏ်ပေးဖို့ ဆန္ဒပြ တောင်းဆို

သက်ငယ် မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးနိုင်တဲ့ ဥပဒေ ပြဌာန်းပေးဖို့ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဆန္ဒပြ တောင်းဆိုစဉ်/ Photo: Khaymani Win/ RFA
သက်ငယ် မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးနိုင်တဲ့ ဥပဒေ ပြဌာန်းပေးဖို့ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှာ ဒေသခံ ၁၅၀၀ ခန့်က ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့တဲ့ အသက် ၂ နှစ်ခွဲ အရွယ် ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ ဦးလှိုင်ဇင်မြင့်က နောက်နောင်မှာ အလားတူ အဖြစ်ဆိုးတွေ မဖြစ်ဖို့အတွက် ကျူးလွန်သူကို သေဒဏ် ပေးစေချင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မတ္တရာမြို့နယ်၊ ၀န်စုကျေးရွာက ဌက်ပျောစိုက်ခင်း အတွင်းမှာ အသက် ၂ နှစ်ခွဲ အရွယ် ကလေးငယ်ဟာ အဓမ္မပြုကျင့်ခံရပြီး အသက် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ သက်ငယ် မုဒိမ်းမှုတွေကို သေဒဏ်ပေးရေး ဥပဒေ ပေါ်ပေါက်ဖို့ ဆန္ဒပြတဲ့ လက်မှတ်တွေ ကောက်ခံခဲ့ရာ လက်မှတ်ထိုးသူ ၅၀၀ ကျော် ရှိခဲ့ပါတယ်။ အဲဒီလက်မှတ်တွေကို ပြည်သူ့လွှတ်တော်ထံ ပေးပို့သွားမယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ အသက် ၁၆ နှစ်အောက် အဓမ္မ ပြုကျင့်ခံရမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ အမှုပေါင်း ၆၇၀ ကျော်ရှိပြီး ၂၀၁၇ ခုနှစ်မှာ ၈၉၀ ကျော် ရှိလာတယ်လို့ သိရပါတယ်။

ဖြစ်ပွားမှု အများဆုံး တိုင်းနဲ့ ပြည်နယ်တွေက မန္တလေး၊ ပဲခူး၊ ရန်ကုန် နဲ့ ဧရာဝတီ တို့ဖြစ်ပြီး အဲဒီထဲက ရန်ကုန်တိုင်း မှာ ဖြစ်ပွားမှု အများဆုံး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သက်ငယ် မုဒိမ်းမှု ကျူးလွန်သူတွေကို တစ်သက်တစ်ကျွန်းဖြစ်စေ၊ သေဒဏ်ဖြစ်စေ ပြစ်ဒဏ်ချမှတ်ပေးဖို့ ရေးဆွဲထားတဲ့ ဥပဒေကြမ်းကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပေမယ့် ဥပဒေလုပ်ထုံးလုပ်နည်းနဲ့မညီဘူးဆိုပြီး လွှတ်တော်မှာ ဆွေးနွေးခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
သက်ငယ် မုဒိမ်းမှုတွေကို သေဒဏ်ပေးဖို့ ဆန္ဒပြ တောင်းဆို သက်ငယ် မုဒိမ်းမှုတွေကို သေဒဏ်ပေးဖို့ ဆန္ဒပြ တောင်းဆို Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.