ရခိုင်ပြည်နယ် စစ်တွေမြို့၌ လက်လုပ်ဗုံး ၃ လုံး တချိန်တည်း ပေါက်ကွဲပြီး ၂ ဦးဒဏ်ရာရ


နေပြည်တော် ဖေဖော်ဝါရီ ၂၄ ရက်

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ယနေ့နံနက် စောစောပိုင်းက လက်လုပ်ဗုံး ၃ လုံး မတူညီတဲ့ နေရာ သုံးနေရာတွင် တစ်ချိန်တည်း ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး ၃ လုံး ကို မတူညီသည့်နေရာ ၂ နေရာမှ ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၄ နာရီခန့်က စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ ပြည်နယ်တရားရုံးရှေ့ လျှပ်စစ်ထရန် စဖော်မာ အနီးတွင် လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ထရန်စဖော်မာအား ထိမှန်ခဲ့ကာ အပျက်အစီး အနည်းငယ် ရှိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းအချိန်ခန့်တွင် ပြည်နယ်အုပ်ချုပ်ရေးမှုး၏နေအိမ် အနောက်ဘက် ခြံစည်းရိုးတွင် လက်လုပ် ဗုံး တစ်လုံးပေါက်ကွဲခဲ့ရာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်သား နန်းတင်နှင့် ပြည်နယ်အုပ်ချုပ်ရေး မှူး၏ ဧည့်သည် ဖြစ်သူ ဒေါက်တာငြိမ်းချမ်းမောင် တို့မှာ ဒဏ်ရာရရှိခဲ့ပြီး စစ်တွေမြို့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြာင်း သိရသည်။

ပြည်နယ်အုပ်ချုပ်ရေးမှုး၏နေအိမ်၌ ပေါက်ကွဲသော လက်လုပ်ဗုံးကြောင့် နေအိမ်ဝင်းအတွင်း ရပ်ထားသော မော်တော်ယာဉ် ၂ စီးနှင့် နေအိမ်ဝင်းအတွင်းရှိ အဆောက်အအုံမှာလည်း ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲသည့် နေရာသို့ တာဝန်ရှိသူများနှင့် ရှင်းလင်းရေးအဖွဲ့များက သွားရောက်စစ်ဆေး ရှင်းလင်းခဲ့ရာ ခြံစည်းရိုး၏ အနောက်ဘက် ၁၂ ပေ အကွာတွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို တွေ့ရှိကြောင်း တာဝန်ရှိသူတစ်ဦးက MDN သို့ အတည်ပြုပြောကြားသည်။

ထို့အတူ နံနက် ၄ နာရီကျော်မှာ ပြည်နယ်မြေစာရင်းရုံး ခြံစည်းရိုးအပြင်၌ ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ရာ အပျက်အစီး ထိခိုက်မှုကြီးကြီးမားမား မရှိကြောင်း၊ ဗုံးပေါက်ကွဲသည့် နေရာသို့ တာဝန်ရှိသူများနှင့် မိုင်းရှင်းလင်းရေး အဖွဲ့များက သွားရောက်စစ်ဆေး ရှင်းလင်းခဲ့ရာ မြေစာရင်းရုံး ခြံစည်းရိုးအပြင်ဘက်တွင် မပေါက်သေးသည့် ဗုံးနှစ်လုံး ထပ်မံရှာဖွေတွေရှိခဲ့ကြောင်း သိရသည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ရခိုင်ပြည်နယ် စစ်တွေမြို့၌ လက်လုပ်ဗုံး ၃ လုံး တချိန်တည်း ပေါက်ကွဲပြီး ၂ ဦးဒဏ်ရာရ  ရခိုင်ပြည်နယ် စစ်တွေမြို့၌ လက်လုပ်ဗုံး ၃ လုံး တချိန်တည်း ပေါက်ကွဲပြီး ၂ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 15:51 Rating: 5
Powered by Blogger.