ပန်းတောင်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်ပွားမှုကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦး အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရ


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပန်းတောင်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်ပွားမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ ရပြီး နှစ်ဦးမှာ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေရကြောင်း ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံမှ သိရှိရသည်။

ပန်းတောင်းမြို့၊ ဖောင်းကန်ရပ်ကွက်တွင် ရောဂါဖြစ်ပွားသည်ကို ဖေဖော်ဝါရီ ၉ ရက်၊ ညနေပိုင်းက စတင်သိရှိခဲ့ ပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ရောဂါဖြစ်ပွားရာနေရာသို့ ဆေးဖျန်းခြင်းလုပ်ငန်းများကို ကြပ်မတ်ဆောင် ရွက်နေကြကြောင်း သိရသည်။

“ဖြစ်တာက ဘာလဲဆိုရင် လူနာကအိမ်မှာဖျားနေတာ၊ အိပ်ယာထဲလဲပြီးတော့ ဝမ်းသွားတယ်ပေါ့။ဝမ်းက အရည် ဝမ်းသွားတာမဟုတ်ဘူး၊ အဖတ်ဝမ်းသွားတယ်။ အဲဒါနဲ့သူက ဆေးရုံတက်မယ်ဆိုပြီးလာတာ၊ လာတော့ လမ်းမှာ ဆုံးတာ၊ ဆုံးတော့ ဆေးရုံမရောက်ဘဲနဲ့ ပြန်ခေါ်သွားတယ်ပေါ့နော်။ ပြီးတော့ ခုရက်ထဲမှာ တချို့က ရာသီ ပြောင်းတာရယ်၊ ဗိုင်းရပ်စ်ကြောင့်ရယ် ရပ်ကွက်ထဲမှာ ဝမ်းလျောတဲ့လူနာရှိရင် ဆေးရုံပြဖို့ဆိုပြီး ဆေးရုံခေါ် လာတာ၊ ခေါ်လာတာတော့(၁၅)ဦးပါတယ်။ စစ်ကြည့်တော့ ဝမ်း(၄)၊ (၅)ကြိမ်တို့၊ (၆)ကြိမ်၊ (၇)ကြိမ်တို့သွားတာ (၂)ယောက်ရှိတယ်။”ဟု ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဦးကျော်မင်းအုဋ်က ပြောသည်။

ဝမ်းသွားခြင်းကြောင့် ဆေးရုံလာပြသောလူနာ(၁၅)ဦးအနက် (၂)ဦးမှာ အတွင်းလူနာအဖြစ် ဆေးရုံတက်နေရ ကာ ကျန်(၁၃)ဦးမှာ ပြင်ပလူနာအဖြစ် ဆေးကုသမှုခံရယူနေပြီး ဝမ်းရောဂါစတင်ဖြစ်ပွားသည့်နေရာကို ဆေးဖျန်းခြင်း လုပ်ငန်းများအပြင် မည်သည့်အကြောင်းကြောင့် ဖြစ်ပွားရသည့် ရောဂါဇစ်မြစ်ကိုလည်း ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်ကာ စစ်ဆေးရှာဖွေမှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ကတော့ သက်ဆိုင်တဲ့ ကျန်းမာရေးဌာနကိုကိုင်တဲ့ ဝန်ကြီးတွေကို အကြောင်းကြားမယ်။ ကူညီ စောင့်ရှောက်မှုတွေ ဘာတွေလုပ်ပေးမလဲပေါ့နော်။ အခုလတ်တလောကတော့ မြို့နယ်အဆင့်ကတော့ လုပ်ထားပြီပေါ့။ တိုင်းအဆင့်က ဘာလုပ်နိုင်မလဲဆိုတဲ့ဟာကို ဆက်သွယ်ပြီးလုပ်ဆောင်နေပါတယ်။”ဟု ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်က ပြောသည်။

ဝမ်းရောဂါကြောင့် ဒေသခံများ ဆေးရုံလာပြသည့် လုပ်ငန်းစဉ်များ၊ ကျန်းမာရေးဝန်ထမ်းများ၏ ဆေးဖျန်းခြင်း လုပ်ငန်းစဉ်များတွင် ပန်တောင်းမြို့နယ်အခြေစိုက်ပရဟိတအဖွဲ့များ၊ ကြက်ခြေနီ၊ မီးသတ်အဖွဲ့များက ပါဝင်ပူး ပေါင်းလုပ်ဆောင်နေကြကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပန်းတောင်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်ပွားမှုကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦး အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရ ပန်းတောင်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်ပွားမှုကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦး အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရ Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.