ကျောက်တံခါးမြို့နယ်အတွင်း ဆင်မတစ်ကောင် တူမီးသေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် သေဆုံး


ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုနယ်မြေရဲစခန်းအပိုင်(ပဲခူးရိုးမတောင်ပေါ် ၁၀ မိုင်နှင့် ၁၁ မိုင် ကြား) တောင်ဘက်(၁)မိုင်ခန့်အကွာရှိ တောအတွင်း (၅)နှစ်အရွယ်ဆင်မတစ်ကောင်အား တူမီးသေနတ်ဖြင့် သတ်ဖြတ်ခဲ့သည့် မုဆိုးများအား လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

ဆင်မတစ်ကောင်မှာ တူမီးသေနတ်ဖြင့် အပစ်ခံရပြီး နှာမောင်းပြတ်လျက် အရေခွံများ ခွာခံထားရသည့်အနေ အထားဖြင့် သေဆုံးနေသည်ကို ဖေဖော်ဝါရီ ၁၄ ရက်၊ နေ့လယ်(၁၂)နာရီခန့်က တွေ့ရှိခဲ့ရသဖြင့် ဆင်သတ် တရားခံများအား လိုက်လံရှာဖွေနေခြင်းဖြစ်ကြောင်း ဖဒိုနယ်မြေ ရဲစခန်းမှ သိရသည်။
"ဆင်ဆရာဝန်ရဲ့ စစ်ဆေးပြီးထွက်လာတဲ့ ဆေးစာသဘောထားမှတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွား မှာပါ။ ဆင်က နှာမောင်းပြတ်ပြီး အရေခွံခွာခံထားရတဲ့အနေအထားနဲ့ သေဆုံးနေတာ။ တူမီးသေနတ်နဲ့ အပစ်ခံရတဲ့ ဒဏ်ရာတွေလည်းတွေ့ရပါတယ်။ ဆင်မလေးပါ အသက်က(၅)နှစ်လောက်ရှိပါတယ်။"ဟု ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်အောင်က ပြောသည်။


ယင်းကဲ့သို့ ဆင်မသေဆုံးရခြင်းနှင့်ပတ်သက်၍ ပဲခူးဆင်ထိန်းသိမ်းရေးအခြေပြုလုပ်ငန်းဒေသ ညောင်လေးပင်မှ ဒုတိယတိရစ္ဆာန်ကုသရေးမှူးက စစ်ဆေးခဲ့ပြီး ညနေ(၅း၀၀)နာရီခန့်တွင် သေဆုံးခဲ့သည့် ဆင်အား အခင်းဖြစ်နေ ရာတွင် မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

ယခုသေဆုံးခဲ့သည့်ဆင်မှာ အစွယ်မပါ၊ လုံးပတ်(၉)ပေ(၁)လက်မ၊ အရပ်(၅)ပေ(၁၀)လက်မ၊ အလျား(၇)ပေ(၆) လက်မ၊ အသက်(၅)နှစ်ခန့်ရှိ ရှောက်ခွံရောင်ဆင်မတစ်ကောင်ဖြစ်ပြီး ဆင်သတ်တရားခံများ ဖမ်းဆီးရမိရေး ဖဒို နယ်မြေရဲတပ်ဖွဲ့နှင့် သစ်တောရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စုံစမ်းလျက်ရှိကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ၂၀၁၆ ခုနှစ်အတွင်းကလည်း (၅)နှစ်သားအရွယ်ဆင်ထီးတစ်ကောင် ရေနစ်သေဆုံး ခြင်းနှင့် ဟန်အမျိုးအစား စွယ်စုံဆင်ထီးတစ်ကောင် အဆိပ်လူးမြားဒဏ်ရာဖြင့် ရေနစ်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကျောက်တံခါးမြို့နယ်အတွင်း ဆင်မတစ်ကောင် တူမီးသေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် သေဆုံး ကျောက်တံခါးမြို့နယ်အတွင်း ဆင်မတစ်ကောင် တူမီးသေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် သေဆုံး Reviewed by THITHTOOLWIN on 13:24 Rating: 5
Powered by Blogger.