ဆီးရီးယားမှာ လေကြောင်း တိုက်ခိုက်လို့ ၅၀ဝ ကျော် သေဆုံး

 ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စပြီး လူပေါင်း ၄ သိန်းနီးပါး နေထိုင်တဲ့ ဂိုတာဒေသကို ဗုံးကြဲမှုနဲ့ အဝေးပစ် အမြောက်နဲ့ ပစ်ခတ်မှုတွေ ရှိနေ
ရုရှားရဲ့ ထောက်ပံ့မှုရထားတဲ့ ဆီးရီးယားတပ်တွေက ပြီးခဲ့တဲ့ တပတ်အတွင်း အရှေ့ဂိုတာ ဒေသမှာ လေကြောင်း တိုက်ခိုက်နေတာ ကြောင့် လူ ၅၀ဝ ကျော် သေဆုံးခဲ့တယ်လို့ ဒီဒေသအတွင်း တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အဲဒီအထဲမှာ ကလေးငယ် ၁၂၁ ယောက်ပါတယ်လို့လည်း ယူကေနိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

သူပုန်တွေ ထိန်းချုပ်တဲ့ မြို့တော် ဒမတ်စကက် အပြင်ဘက်က အရှေ့ဂိုတာ ဒေသဟာ အစိုးရရဲ့ ၇ ရက် ဆက်တိုက် လေကြောင်း တိုက်ခိုက်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။

သူပုန်တွေ ဘက်ကလည်း ဒမတ်စကက်မြို့ထဲကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့လည်း သတင်း ပေးပို့မှုတွေ ရှိပါတယ်။
ပစ်ခတ်မှုတွေကြောင့် ဆေးရုံတွေ တော်တော်များများ လုပ်ငန်း ရပ်ဆိုင်းထားရတယ်လို့ အကူအညီ ပေးရေး အဖွဲ့တွေက ပြော
ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စပြီး လူပေါင်း ၄ သိန်းနီးပါး နေထိုင်တဲ့ ဂိုတာဒေသကို ဗုံးကြဲမှုနဲ့ အဝေးပစ် အမြောက်နဲ့ ပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် ဆေးရုံတွေ တော်တော်များများ လုပ်ငန်း ရပ်ဆိုင်းထားရတယ်လို့လည်း အကူအညီ ပေးရေး အဖွဲ့တွေက ပြောပါတယ်။

အဲဒီ အရှေ့ဂိုတာ ဒေသက အခြေအနေတွေဟာ ငရဲပြင် ကမ္ဘာပေါ် ရောက်လာသလိုပဲ လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတဲရက်စ်က ပြောဆိုထားပါတယ်။

ဆီးရီးယား အစိုးရကတော့ ဒီဒေသက သူပုန်အုပ်စုတွေနဲ့ ဂျီဟတ် ဝါဒီ စစ်သွေးကြွ အုပ်စု နှစ်ဖက်လုံးကို အကြမ်းဖက်သမားတွေလို့ သတ်မှတ်ပြီး တိုက်ခိုက်နေတာဖြစ်သလို အရပ်သားတွေကို ပစ်မှတ်ထားခြင်း မရှိဘူးလို့ ပြောဆိုထားပါတယ်။
ငရဲပြင် ကမ္ဘာပေါ် ရောက်လာသလိုပဲ လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတဲရက်စ်က ပြောဆိုထား
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆီးရီးယား အပစ်အခတ် ရပ်စဲရေး မူကြမ်းတခုကို မဲခွဲဆုံးဖြတ်ဖို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ လုပ်ခဲ့ပေမယ့် စကာလုံး အသုံးအနှုန်း အငြင်းပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ထပ်မံ ဆွေးနွေး ဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။

အဲဒီ မူကြမ်းအရ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးပို့အတွက် ရက် ၃၀ အပစ်အခတ် ရပ်စဲထားဖို့ သတ်မှတ်ထားပြီး ဒီအထဲမှာ အစ္စလာမ္မစ် နိုင်ငံအဖွဲ့နဲ့ အယ်လ်ကိုင်းဒါးနဲ့ အဆက်အစပ် ရှိခဲ့တဲ့ နူစရာ တပ်ဦး မပါတဲ့အတွက် ဒါကို ရုရှားက ပြင်ဆင်ချင်တာ ဖြစ်ပါတယ်။
အပစ်ရပ် မူကြမ်းထဲမှာ အစ္စလာမ္မစ် နိုင်ငံအဖွဲ့နဲ့ အယ်လ်ကိုင်းဒါးနဲ့ အဆက်အစပ် ရှိခဲ့တဲ့ နူစရာ တပ်ဦး မပါတဲ့အတွက် ဒါကို ရုရှားက ပြင်ဆင်ချင်
အရှေ့ဂူတာ ဒေသမှာရှိတဲ့ သူပုန်အုပ်စု ၂ ခုထဲက ဖေလတ် အယ်လ် ရာမန် အဖွဲ့ဟာ ဂျီဟက် ဝါဒီ အဖွဲ့ တဖွဲ့ဖြစ်တဲ့ ဟာယက် တဟီယာ အယ်လ် ရှန် အဖွဲ့နဲ့ ပူးပေါင်းခဲ့ဖူးပြီး နူစရာ တပ်ဦးကလည်း သူတို့ကို ဦးဆောင် ခဲ့ဖူးတာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေရဲ့ သံတမန်တွေကတော့ ဆီးရီးယားတွေ သူပုန်တွေကို အပြီးသတ် နှိမ်နင်းဖို့အတွက် ရုရှားက အချိန်ဆွဲနေတာလို့ စွပ်စွဲထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကလည်း ဒီဒေသမှာ လူသားချင်း စာနာစရာ အကြပ်အတည်း ဖြစ်ရတဲ့ အကြောင်းရင်းဟာ ဆီးရီးယားနဲ့ သူ့ရဲ့ မဟာမိတ်တွေ ဖြစ်တဲ့ ရုရှားနဲ့ အီရန်တို့ကြောင့် ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေက ပြောဆိုထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဆီးရီးယားမှာ လေကြောင်း တိုက်ခိုက်လို့ ၅၀ဝ ကျော် သေဆုံး ဆီးရီးယားမှာ လေကြောင်း တိုက်ခိုက်လို့ ၅၀ဝ ကျော် သေဆုံး Reviewed by THITHTOOLWIN on 22:27 Rating: 5
Powered by Blogger.