ကနီမြို့နယ် ညောင်ပင်ဝန်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ရေယာဉ်တစ်စင်းနစ်မြုပ်မှုဖြစ်ပွား


ကနီ၊ ဖေဖော်ဝါရီ ၂၀

မင်းကင်းမြို့နယ် ယားကျေးရွာမှ ဘုတလင်မြို့နယ် ညောင်သူမြား ကျေးရွာသို့ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်လာသော အမည်မပါ သစ်သားခွံအစိမ်းရောင် ရေယာဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ တဇယ်ချောင်ကျေးရွာအုပ်စု၊ ညောင်ပင်ဝန်း ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း၌ ဖေဖော်ဝါရီ ၂၀ရက်နေ့ မွန်းလွဲ (၃)နာရီ (၄၅)မိနစ်ခန့်က နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါနစ်မြုပ်ခဲ့သော ရေယာဉ်မှာ အလျား ၂၅ပေ၊ အနံ ၅ပေ၊ စောက် ၃ပေရှိပြီး ချမ်းချိုင်အမျိုးအစား နှစ်လုံးထိုးအင်ဂျင်တပ်ဆင်ထားသည့် ရေယာဉ်အား ယာဉ်မောင်း ပြည့်ဖြိုးမောင် ညောင်သူမြား ကျေးရွာ ဘုတလင်မြို့နယ်နေသူသည် ရေယာဉ်ပေါ်တွင် အင်ပကာခွဲသား(၄၀၀)ချောင်း တင်ဆောင်၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းခဲ့ရာ ညောင်ပင်ဝန်းကျေးရွာအနီးတွင် စက်ခန်းအတွင်း ရေပြန်ပိုက်ပြုတ်၍ ကိုယ်ထည်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစက်လှေပေါ်တွင် ဘုတလင်မြို့နယ် ညောင်သူများကျေးရွာနေသူများဖြစ်ကြသော စိုးကျော်နှင့် ဖိုးသား ရေယာဉ်နောက်လိုက်(၂)ဦး၊ စုစုပေါင်း(၃)ဦးလိုက်ပါလာပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ရေယာဉ်ပေါ်ပါ အင်ပကာခွဲသားများအား အခြားမော်တော်ယာဉ်အကူအညီဖြင့် သယ်ဆောင်လျက်ရှိပြီး ရေယာဉ်မောင်း ပြည့်ဖြိုးမောင်အား ကနီမြို့မရဲစခန်းတွင် အမူဖွင့်အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ကနဦးသတင်အရသိရသည်။

သန်းဌေးအောင်(ကနီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကနီမြို့နယ် ညောင်ပင်ဝန်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ရေယာဉ်တစ်စင်းနစ်မြုပ်မှုဖြစ်ပွား ကနီမြို့နယ် ညောင်ပင်ဝန်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ရေယာဉ်တစ်စင်းနစ်မြုပ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.