မြန်မာ့တပ်မတော်မှ ဖမ်းဆီးထားသည့် ကုန်တင်ကား ၂၁ စီး မီဇိုရမ်လူထုမှ ပြန်လည်ရယူ


ခိုနူမ်းသုန်သတင်း၊ ၉ ဖေဖော်ဝါရီ ၂၀၁၈

အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂) ကုန်သွယ်ရေးစခန်း ရိ-ဇိုခေါထာ အနီးတွင် မြန်မာ့တပ်မတော်မှ ဖမ်းဆီးထားသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှ ကုန်တင်ကား ၂၁ စီးကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ကားပိုင်ရှင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး အစောင့်ရဲ တပ်သားများအား ဖမ်းဆီးချူပ်နှောင်က ပြန်လည်ရယူသွားကြသည်ဟု သိရသည်။

ယင်းကုန်တင်ကား ၂၁ စီးကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ်ဖြတ်ကျော်ကာ မီဇိုရမ်ဘက်မှ ဓာတ်မြေသြဇာများ ချင်းပြည်နယ်ဘက်သို့ တင်ဆောင်လာသည့်အတွက် ရိခေါဒါရ်မြို့အခြေစိုက် မြန်မာ့တပ်မတော်တပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ် နှင့် ချင်းပြည်နယ်နယ်စပ်တွင် စီးဆင်းသည့် တီယိုချောင်းအနီး Uilukai ဟု ခေါ်သော နေရာတွင် ကားများကို သိမ်းထားကာ ရဲတပ်ဖွဲ့ ၅ ဦးကို စောင့်ကြပ်စေခဲ့ခြင်းဖြစ် သည်။

အဆိုပါကားပိုင်ရှင်များမှာ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Melbuk ကျေးရွာသားများဖြစ်ကြပြီး ကားပိုင်ရှင်များနှင့် ဒေသခံလူထု ၅၀ ကျော်တို့သည် ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် အစောင့် ရဲသား ၅ ဦးကို ဖမ်းဆီးချူပ်နှောင်ကာ ကား ၂၁ စီးကို မီဇိုရမ်ပြည်နယ်ဘက်သို့ မောင်းထွက်သွားကြသည်ဟု နယ်စပ်နေဒေသခံများထံမှ သိရသည်။

Melbuk ကျေးရွာမှ ကားပိုင်ရှင်များသည် ၎င်းတို့ကားပြန်လည်ရရှိရေးအတွက် ဖလမ်းခရိုင်အုပ်ချူပ်ရေးမှူးအဆင့်အထိ တင်ပြတောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်းထူးခြားမှုမရှိသည့်အတွက် ယခုကဲ့သို့ လူထုအားနှင့် ပြန်လည်ရယူခဲ့ခြင်းဖြစ် ကြောင်း မီဇိုရမ်သတင်းစာတွင်ဖော်ပြထားသည်။

ကုန်တင်ကားများ ထားရှိသည့် Uilukai ဟုခေါ်သောနေရာသည် နယ်စပ်မှောင်ခိုလမ်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်ဘက်မှ ဓာတ်မြေသြဇာနှင့် အခြားတရားမ၀င်သော ပစ္စည်များ သယ်ယူပို့ဆောင်သည့်လမ်းကြောင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရိခေါဒါရ်အခြေစိုက် မြန်မာ့တပ်မတော်မှ တဖက် ဇိုခေါထာ ရဲစခန်းနှင့် အိန္ဒိယစစ်တပ်ထံ အကြောင်းကြားထားပြီး နောက်ဆက်ပွဲပြသနာဖြစ်ပွားမှု ယနေ့ချိန်ထိ မရှိသေးကြောင်းသိရသည်။

RFA Burmese
https://www.facebook.com/KhonumtungBurmese
မြန်မာ့တပ်မတော်မှ ဖမ်းဆီးထားသည့် ကုန်တင်ကား ၂၁ စီး မီဇိုရမ်လူထုမှ ပြန်လည်ရယူ မြန်မာ့တပ်မတော်မှ ဖမ်းဆီးထားသည့် ကုန်တင်ကား ၂၁ စီး မီဇိုရမ်လူထုမှ ပြန်လည်ရယူ Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.