ရန်ကုန်တိုင်း မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒကို လွှတ်တော်​နှင့်​ ပြည်သူထံ ချပြမည်


ရန်​ကုန်​၊ ​ဖေ​ဖော်​ဝါရီ ၂၁။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ပြန်လည်စိစစ်သုံးသပ်ဆောင်ရွက်ထားသည့် ၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို မကြာမီ တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပြည်သူများထံ ချပြမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဖေဖေါ်ဝါရီ ၂၀ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီ်အစည်းအဝေးတွင် ပြောသည်။

လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် မော်တော်ယာဉ်တင်သွင်းခွင့် Free Permitကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခွင့်မပေးတော့သော်​ည်း အခြားတိုင်းနှင့်ပြည်နယ်များတွင် ပြုလုပ်ပေးလျက်ရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် အခွန်ဘဏ္ဍာ ရရှိမှုနှင့် ရန်ကုန်တိုင်းပြည်သူများအတွက် နစ်နာမှုများ ရှိသောကြောင့် ယင်း Free Permitကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်စိစစ်၍ ခွင့်​ပြုပေးရန် အစီစဉ် ရှိမရှိ ကို လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်​ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က မေးမြန်းခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ယခုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

''မြန်မာနိုင်ငံမှာ ​မော်​​တော်​ယာဉ်​တင်သွင်းခွင့်မှုဝါဒ​တွေကို နှစ်စဉ် ထုတ်ပြန်ပြီးတော့ ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းခွင့်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလက စတင်ခဲ့တာပါ။ ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို အစိုးရက ပြန်လည်စိစစ်သုံးသပ်ဆောင် ရွက်လျက်ရှိပါတယ်။ ကျင့်သုံးလာမယ့် မော်တော်ယာဉ် တင်သွင်းခွင့် ​ဆောင်ရွက်မယ့် အစီစဉ် အသေးစိတ်ကို တိုင်းဒေသကြီးလွှတ်တော်​နှင့် ပြည်သူတို့ထံ ချပြပြီးမှ ဆောင်ရွက်သွားမှာပါ''ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က ပြောသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် မော်တော်ယာဉ် အစီးရေ ပေါင်း ၈ဒသမ ၈ သိန်းကျော်ရှိပြီး ရန်ကုန်​မြို့အတွင်း မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်ငါးသိန်းခန့် ရှိကြောင်းနှင့် ယာဉ်ကြောကြပ်တည်းမှုများ ကြောင့် ရန်ကုန်တိုင်းဒေသကြီးလိပ်စာဖြင့် ကုမ္ပဏီများမှ မော်တော်ယာဉ် တင်သွင်းခွင့် ​လျှောက်ထားမှုများ ကို ၂၀၁၅ ခုနှစ်မှစ၍ ကားပါကင် ​နေရာရှိမှသာ လျှောက်ထားစေခဲ့ကြောင်း သို့သော်​ အဆိုပါနည်းလမ်းမှာ ယာဉ်ကြောကြပ်တည်းမှု ဖြေလျော့ရန်အတွက် အထောက်အကူ မဖြစ်သောကြောင့် ၂၀၁၆ခုနှစ် မတ်လအတွင်း ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar/
ရန်ကုန်တိုင်း မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒကို လွှတ်တော်​နှင့်​ ပြည်သူထံ ချပြမည်  ရန်ကုန်တိုင်း မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒကို လွှတ်တော်​နှင့်​ ပြည်သူထံ ချပြမည် Reviewed by THITHTOOLWIN on 00:50 Rating: 5
Powered by Blogger.