အင်းဒင်ရွာလူ ၁၀ ဦး အသတ်ခံရမှုဆောင်းပါးကို သက်သေအဖြစ် တင်သွင်းတာ ပယ်ချခံရ

ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရုံးထုတ်လာသည်ကို တွေ့ရစဉ်/ Photo: Htet Arkar/ RFA
ရိုက်တာ သတင်းဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ဖော်ပြခဲ့တဲ့ အင်းဒင်ရွာမှာ အမျိုးသား ၁၀ ဦး သတ်ဖြတ်ခံရတဲ့ ဆောင်းပါးကို ဒီနေ့ အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင် တရားရုံးမှာ သက်သေအဖြစ် သတင်းထောက် နှစ်ဦးရဲ့ ရှေ့နေက တင်သွင်းခဲ့ရာ တရားရုံးက ပယ်ချလိုက်ပါတယ်။

တရားရုံးက ရိုက်တာ ဆောင်းပါးနဲ့ ပတ်သက်ပြီး အကြောင်းအရာကြောင့် သက်သေအဖြစ် တင်သွင်းတာကို ပယ်ချတာမဟုတ်ဘဲ အမှုရဲ့ အခုလို အဆင့်မှာ တင်တာကို ငြင်းပယ်တာဖြစ်ပြီး နောင်မှာ ကျွမ်းကျင်တဲ့ သက်သေနဲ့ တင်ဖို့ ဆိုလိုတာဖြစ်တယ်လို့ အမှုကို လိုက်ပါကူညီဆောင်ရွက်နေတဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ကိုဝလုံးက သူတို့အဖမ်းခံရတာဟာ အင်းဒင်ရွာမှာ လူ ၁၀ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သတင်း ဆောင်းပါး ရေးသားဖို့အတွက် အမှတ် ၈ လုံခြုံရေးနဲ့ ဆက်သွယ်ခဲ့တာကြောင့် အဖမ်းခံခဲ့ရတာလို့ ပြောခဲ့ပါတယ်။

ဒီအမှုမှာ တရားစွဲ အဖွဲ့အစည်း၊ အစိုးရနဲ့ တပ်မတော်ကြားမှာ သိထားတဲ့ သတင်းအချက်အလက်တွေ လွဲနိုင်ခြေရှိတယ်လို့ ထင်တာကြောင့် သက်သေအဖြစ် ဆောင်းပါးကို တင်သွင်းတာဖြစ်တယ်လို့ သတင်းထောက် နှစ်ဦး ရဲ့ ရှေ့နေ ဦးသန်းဇော်အောင် က ပြောပါတယ်။

ဒီကနေ့ တရားရုံးချိန်းမှာ တရားလိုပြ သက်သေ ၂ ဦး ဖြစ်တဲ့ အရပ်သားတစ်ဦးနဲ့ ရဲဝန်ထမ်းတစ်ဦးကို စစ်ဆေး ခဲ့ပါတယ်။

လက်ရှိအချိန်ထိ အစိုးရ နဲ့ တပ်မတော်ဖက်က ရိုက်တာ သတင်းထောက် ၂ ဦး အဖမ်းခံရတာဟာ ရဲတပ်ဖွဲ့ရဲ့ ကန့်သတ် စာရွက်စာတမ်းတွေကို လက်ဝယ်တွေ့ရှိလို့ နိုင်ငံတော် လျှို့ဝှက်ဥပဒေနဲ့ တရားစွဲဆို ဖမ်းဆီးတာလို့သာ တရားဝင် ထုတ်ပြန်ထားတာတွေကိုသာ တွေ့ရပြီး အင်းဒင်ရွာမှာ လူ ၁၀ ဦး အသတ်ခံရတဲ့ကိစ္စကို စုံစမ်းတဲ့ကိစ္စနဲ့ ပတ်သက်တယ်ဆိုတာမျိုး သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ရိုက်တာ သတင်းထောက် နှစ်ဦးအမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ ၂၅ ယောက် တင်သွင်းထားပြီး ဒီနေ့အထိ ၆ယောက်ကို စစ်ဆေးပြီး ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ