လားရှိုးမြို့တွင် ဘုရားမီးပူဇော်ရာမှ တဆင့် မီးလောင်မှုဖြစ်ပွား


ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ နေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီ ၁၈ ရက်၊ ညပိုင်းက ဘုရားမီးပူဇော်ထားရာမှ တဆင့် မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရပ်ကွက်(၁၂)၊ နယ်မြေ(၁၈)၊ မွန်းစတားလမ်းကြားရှိ ဦးစိန်မြင့်၏ နေအိမ် RC နှစ်ထပ်တိုက်တွင် ဘုရားမီးပူဇော် ထားသော ဖယောင်းတိုင်မီးမှ အနီးရှိ လိုက်ကာစသို့ မီးကူးစက်ကာ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
“ဘုရားမီးပူဇော်ထားတဲ့ အမွှေးတိုင်၊ ဖယောင်းတိုင်ကနေပြီးတော့ အနီးမှာရှိတဲ့ လိုက်ကာစကို ကူးပြီးတော့ မီး လောင်တာလို့သိရပါတယ်။ ဘေးအိမ်တွေကူးတာတော့မရှိပါဘူး။ အချိန်မီအားလုံးဝိုင်းပြီးတော့ ငြှိမ်းသတ်နိုင်ခဲ့ ပါတယ်။’’ဟု လားရှိုးမြို့ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။


အဆိုပါ မီးလောင်မှုကြောင့် (၄၀x၃၀)ပေရှိ RC နှစ်ထပ်မှ အပေါ်ထပ်မီးလောင်ကျွမ်းသွားခဲ့ပြီး နေအိမ်နှင့် ပစ္စည်း ကျပ်(၂၂)သိန်းဖိုးဆုံးရှုံးခဲ့ရကာ လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။
“တရုတ်နှစ်သစ်ကူးမှာ အမွှေးတိုင်တွေ၊ ဖယောင်းတိုင်တွေ အများကြီးထွန်းကြတယ်။ ပြီးတော့ သူတို့ရဲ့အမွှေး တိုင်နဲ့ ဖယောင်းတိုင်တွေက အကြီးကြီးတွေဆိုတော့ ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာတော့ ဂရုစိုက်သင့်ပါတယ်။ ဗျောက်ဖောက်ရင်လည်း သတိထားသင့်ပါတယ်။ ရိုးရာတော့ ရိုးရာပေါ့။ ဗျောက်တွေဆိုရင်လည်း အသံအကျယ် ကြီးတွေ။ မီးသတ်တွေ၊ ပြည်သူတွေအားကောင်းလို့ ဘေးအိမ်ကို မကူးသွားတာ။’’ဟု မီးလောင်မှုကို ဝိုင်းဝန်းငြှိမ်းသတ် ကူညီပေးသူ ဦးကျော်ဆွေက ပြောသည်။

မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင် ဦးစိန်မြင့်အား လားရှိုးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းက (ပ)၂၃/၂၀၁၈၊ မီးလောင်မှု ပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
လားရှိုးမြို့တွင် ဘုရားမီးပူဇော်ရာမှ တဆင့် မီးလောင်မှုဖြစ်ပွား လားရှိုးမြို့တွင် ဘုရားမီးပူဇော်ရာမှ တဆင့် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 14:09 Rating: 5
Powered by Blogger.