ခိုက်ရန်ဖြစ်ပွားရာမှ တပ်မတော်အရာရှိတစ်ဦး ဓါးထိုးခံရပြီး သေဆုံး


မန္တလေး၊ ဖေဖော်ဝါရီ ၁၁။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲ ဆည်တော်နံဘုရားပွဲတွင် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ည (၁၁) နာရီခွဲအချိန်ခန့်က ခိုက်ရန်ဖြစ်ပွားရာမှ ရန်ကုန်မြို့ အမှတ် ၂ တပ်မတော်ဆေးရုံတွင် စစ်ဆေးသူနာပြုအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒုဗိုလ်အောင်ခန့်ကျော် (၂၄) နှစ် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ မင်္ဂလာဆောင်ရန်အတွက် မြစ်သားမြို့သို့ ခေတ္တရောက်ရှိနေခြင်းဖြစ်ပြီး ကူမဲဆည်တော်နံဘုရားပွဲသို့ ညီဖြစ်သူများနှင့်အတူသွားရောက်ခဲ့ပြီး အပြန်တွင် အမည်မသိလူငယ် (၅) ဦးနှင့်တွေ့ကာ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းအမည်မသိလူငယ်များက ဒုဗိုလ်အောင်ခန့်ကျော်အား ဓားဖြင့်ထိုးခြင်း၊ ၄င်း၏ ညီဖြစ်သူအား သံတုတ်များဖြင့် ရိုက်နှက်ခြင်းတို့ကို ခံခဲ့ရခြင်းဖြစ်ပြီး ဒုဗိုလ် အောင်ခန့်ကျော်၏ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာရရှိခဲ့ကာ ကူမဲဆေးရုံသို့တင်ပို့စဉ် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခိုက်ရန်ဖြစ်ပွားခဲ့သူများကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ငါးနာရီအချိန်ခန့်က ခိုက်ရန်ဖြစ်ပွားခဲ့သည့် လူငယ်များဖြစ်သော ဓါးဖြင့်ထိုးခဲ့သည့် ဟိန်းမင်းထက် (၁၉) နှစ် ပါ (၅) ဦးကို ဖမ်းဆီးရမိခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်ပြီး ဟိန်းမင်းထက် (၁၉) နှစ် ပါ (၅) ဦးကို မြစ်သားမြို့နယ် ကူမဲကျေးရွာ ရဲစခန်းတွင် (ပ)၂၃/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၅/၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဒိုး
Central News Myanmar
https://www.facebook.com/CNMyanmar/
ခိုက်ရန်ဖြစ်ပွားရာမှ တပ်မတော်အရာရှိတစ်ဦး ဓါးထိုးခံရပြီး သေဆုံး ခိုက်ရန်ဖြစ်ပွားရာမှ တပ်မတော်အရာရှိတစ်ဦး ဓါးထိုးခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 07:28 Rating: 5
Powered by Blogger.