ငြိမ်းချမ်းရေးအတွက် အပြန်အလှန်ယုံကြည်မှုရှိဖို့ လိုအပ်ကြောင်း သမ္မတ ပြော

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပစဉ်/ Photo: Win Ko Ko Latt/RFA
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ယုံကြည်မှုရှိဖို့ အဓိက လိုအပ် တယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာမှာ ထည့်သွင်း ဖော်ပြလိုက်ပါတယ်။

နေပြည်တော် မြို့တော်ခန်းမမှာ ဒီကနေ့ ကျင်းပတဲ့ ၇၁ ပြည့်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားထံ ပေးပို့တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ သ၀ဏ်လွှာကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ဖတ်ကြားခဲ့ပါတယ်။

ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး သံသယကင်းတဲ့ အကြွင်းမဲ့ယုံကြည်မှု၊ ခိုင်မာစည်းလုံးမှု၊ ပြတ်သားတဲ့ သန္နိဌာန်စိတ်တို့နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နည်းလမ်းနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြဖို့လည်း သမ္မတ ဦးထင်ကျော်က တိုက်တွန်းထားပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကို ဆောင်ရွက်ရာမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့အတူ ပြည်သူတွေပါဝင်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံမှသည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်အောင် တည်ဆောက်ဖို့၊ ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် နိုးကြားရှင်သန်ဖို့၊ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို အားပေးမြှင့်တင်ပြီး ပြည်ထောင်စုတစ်ဝန်းလုံး စီးပွားရေးဖံွ့ဖြိုးတိုးတက်စေဖို့ စတဲ့ ရည်ရွယ်ချက် လေးချက်နဲ့ ကျင်းပတာဖြစ်ပါတယ်။

ပြည်ထောင်စုနေ့ အခမ်းအနားတွေကို တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ သက်ဆိုင်ရာအစိုးရအဖွဲ့တွေက ကျင်းပခဲ့ကြပြီး ရှမ်းပြည်နယ် ပင်လုံမြို့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ဗဟိုကော်မရှင်က ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ငြိမ်းချမ်းရေးအတွက် အပြန်အလှန်ယုံကြည်မှုရှိဖို့ လိုအပ်ကြောင်း သမ္မတ ပြော ငြိမ်းချမ်းရေးအတွက် အပြန်အလှန်ယုံကြည်မှုရှိဖို့ လိုအပ်ကြောင်း သမ္မတ ပြော Reviewed by THITHTOOLWIN on 19:06 Rating: 5
Powered by Blogger.