မြောက်ဦးစုံစမ်းရေးကော်မရှင် ပထမအကြိမ် မြေပြင်ကွင်းဆင်းစစ်ဆေးမည်

(ဓာတ်ပုံ - ဇန်နဝါရီလ ၁၆ ရက်နေ့ညက ပွဲကျင်းပခွင့်မရရှိသည့်အတွက် မြောက်ဦးဒေသခံများ လူထုအုံကြွမှုဖြစ်ပေါ်ခဲ့စဉ် / DMG)
ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၁၈ ခုနှစ် ။      ။ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးပစ်ခတ်မှုအတွင်း သေဆုံးသူ၊ ဒဏ်ရာရသူများနှင့် ဖြစ်စဉ်အပေါ် အမှန်တရားပေါ်ပေါက်ရေးအတွက် ရခိုင်ပြည်နယ်လွှတ်မှာ ဖွဲ့စည်းလိုက်သည့် မြောက်ဦးဖြစ်စဉ် စုံစမ်းရေးကော်မရှင်အနေဖြင့် လာမည့်ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပထမအကြိမ်အဖြစ် မြောက်ဦးမြို့သို့ သွားရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဦးကိစ္စစုံစမ်းရေးကော်မရှင်သည် ယခုလဆန်းပိုင်ကနေ စုံစမ်းစစ်ဆေးမှုများကို မြေပြင်ကွင်းဆင်း စစ်ဆေးရန် စီစဉ်ထားသော်လည်း မြောက်ဦးဖြစ်စဉ်အတွင်း မြောက်ဦးမြို့နယ်၏ အုပ်ချုပ်ရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သူ ဦးဘိုဘိုမင်းသိုက် (လ/ညွှန်မှူး) လုပ်ကြံခံမှုတို့နှင့် တစ်ခြားကိစ္စရပ်များကြောင့် မြေပြင်ကွင်းဆင်းစစ်ဆေးမှုကို နောက်ဆုတ်ထားခဲ့ရကြောင်းလည်း သိရသည်။

“ အစီအစဉ်ချထားပြီးပါပြီ။ ၁၅ ရက်နေ့လောက်ကို စပြီးတော့ခရီးထွက်မယ်၊ မြောက်ဦးကိုပေါ့။ စစ်တွေမှာတော့  အကျဉ်းထောင်မှာရှိတဲ့ သူတွေနဲ့လည်းတွေ့မယ်၊ နောက် မြောက်ဦးဒဏ်ရာရသူတွေလည်း ရှောင်တိမ်းနေတယ်၊ သူတို့နဲ့လည်း တွေ့ချင်တယ်။ အတတ်နိုင်ဆုံးတော့ တွေ့နိုင်အောင် ကြိုးစားသွားမှာပါ။ မြောက်ဦးမှာကတော့ အနည်းဆုံး ၃ ရက်လောက်ကြာမယ်။ ” ဟု စုံစမ်းရေးကော်မရှင်၏ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဖေဖော်ဝါရီလ ၅ ရက်နေ့ရက်စွဲဖြင့် ဖွဲ့ စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၆၇ ပုဒ်မခွဲ(က)ဖြင့် မကိုက်ညီဟုဆိုကာ ကော်မရှင်မှ လာရောက်ခေါ်ယူစစ်ဆေးပါက ဖြေကြားရန်မလိုကြောင်း၊ အကယ်၍ဖြေကြားခဲ့ပါက ဖြေကြားသူ၏တာဝန်သာဖြစ်ကြောင်း ဌာနဆိုင်ရာများကို စာဖြင့်အသိပေးထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြည်နယ်လွှတ်တော်ကိုလည်း တရားမဝင်ကြောင်း စာဖြင့်အကြောင်းကြားခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရအဖွဲ့မှ လွှတ်တော်သို့ပေးပို့သည့်စာကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

မြောက်ဦးဖြစ်စဉ်သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်အထိမ်းအမှတ် စာပေဟောပြောကျင်းပခွင့် မရရှိခဲ့သည့်အတွက် လူထုအုံကြွမှုဖြစ်ပွားကာ ရဲတပ်ဖွဲ့များမှ ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း - စိမ်းကိုကို
http://www.dmediag.com/

မြောက်ဦးစုံစမ်းရေးကော်မရှင် ပထမအကြိမ် မြေပြင်ကွင်းဆင်းစစ်ဆေးမည် မြောက်ဦးစုံစမ်းရေးကော်မရှင် ပထမအကြိမ် မြေပြင်ကွင်းဆင်းစစ်ဆေးမည် Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.