ကြည်လင်းအပါအ၀င် လေးဦးကို တရားရုံးမှာ စွဲချက်တင် လွတ်မြောက်နေသူ အောင်ဝင်းခိုင်ကို ဖမ်းဝရမ်းထုတ်


ရှေ့နေ ဦးကိုနီအသတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူ(၄)ဦးကို ဒီနေ့မြောက်ပိုင်းခရိုင်တရားရုံးမှာ စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။ ကြည်လင်း၊ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ကို ပုဒ်မ ၃၀၂(၁)(ခ)နဲ့ စွဲချက်တင်လိုက်တာပါ။ အောင်ဝင်းထွန်းကိုတော့ ပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်လိုက်တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးကပြောပါတယ်။


 ပြစ်မှုကျူးလွန်သူတွေက အစွဲခံထားရတဲ့ ပုဒ်မတွေနဲ့ပတ်သက်ပြီး ၀န်ခံခြင်းမရှိတဲ့အတွက် ပြန်ခေါ်သက်သေတွေကို စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ရုံးထုတ်စစ်ဆေးပြီး အပြန်မှာတော့
ပြစ်မှုကျူးလွန်သူ ဇေယျာဖြိုးက သူတို့အနေနဲ့ လုံးဝအပြစ်မရှိကြောင်း၊ သက်သေမခိုင်လုံတဲ့အတွက် မီဒီယာတွေ အမှန်တရားကို ဖော်ထုတ်ပေးပါလို့ ပြောဆိုသွားခဲ့ပါတယ်။

 ဒါ့အပြင် ဒီအမှုမှာ ထွက်ပြေးလွတ်မြောက်နေသူ အောင်ဝင်းခိုင်ကိုလည်း ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၈နဲ့ တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ ဖမ်းဝရမ်းအပြင်ကို ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ပြီး စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်တယ်လို့ ဆိုပါတယ်။

 ရှေ့နေဦးကိုနီနဲ့ ဦးနေ၀င်းတို့ ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ပစ်သတ်ခံရပြီး တစ်နှစ်ကျော်အကြာ ရုံးထုတ် (၄၃)ကြိမ်မြောက်မှာမှ ဖမ်းဆီးထားသူတွေကို စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ရုံးထုတ်မှာတော့ တရားရုံးအတွင်း လုံခြုံရေးအင်အားကို နေရာအနှံ့ချထားပါတယ်။

သတင်း - မျိုးမင်း (5 Plus News)
5 PLUS NEWS
https://www.facebook.com/5plusnews/
ကြည်လင်းအပါအ၀င် လေးဦးကို တရားရုံးမှာ စွဲချက်တင် လွတ်မြောက်နေသူ အောင်ဝင်းခိုင်ကို ဖမ်းဝရမ်းထုတ် ကြည်လင်းအပါအ၀င် လေးဦးကို တရားရုံးမှာ စွဲချက်တင် လွတ်မြောက်နေသူ အောင်ဝင်းခိုင်ကို ဖမ်းဝရမ်းထုတ် Reviewed by THITHTOOLWIN on 12:01 Rating: 5
Powered by Blogger.