ဘားအံမြို့နယ်တွင် ရော်ဘာခြံအလုပ်သမား တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဘားအံမြို့နယ်တွင် ရော်ဘာခြံအလုပ်လုပ်ကိုင်ရန် ရောက်ရှိနေသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ ပြစ်မှုကျူးလွန်သူ ဖော်ထုတ်နိုင်ရေး နယ်မြေခံရဲတပ်ဖွဲ့မှ အပူတပြင်းစုံစမ်းလျှက်ရှိ
ဘားအံ ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၁၂ နာရီအချိန်ခန့် ရော်ဘာခြံတွင် ထင်းခုတ်လုပ်ငန်း လုပ်ကိုင်မည့် အလုပ်သမားနှစ်ဦးအနက် တစ်ဦးအား အမည်မသိသူက သေနတ်ဖြင့် လာရောက်လုပ်ကြံသတ်ဖြတ်သွားပြီး ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေး နယ်မြေခံရဲတပ်ဖွဲ့မှ အပူတပြင်းစုံစမ်းလျှက်ရှိကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ဦးထွန်းရီ(ခ)ဦးလူပိန်သည် ယောက်ဖဖြစ်သူ ဦးအောင်ဝင်း၊ ၅၃နှစ်၊ မဲရုံလေးကျေးရွာ၊ အင်္ဂဘိုကျေးရွာအုပ်စု၊ ကျိုက်ထိုမြို့နယ်နေသူနှင့်အတူ ဘားအံမြို့နယ် မိသရောင်ကျေးရွာအုပ်စု၊ မိသရောင်သစ်တောကြိုးဝိုင်းနေ ဦးဟန်စိုး ရော်ဘာခြံတွင် အလုပ်လုပ်ကိုင်ရန် ကျိုက်ထိုမြို့မှ ထွက်ခွာလာခဲ့ရာ နေ့လည် ၂ နာရီခွဲအချိန်ခန့်တွင် ဦးဟန်စိုးခြံသို့ရောက်ရှိပြီး ညပိုင်းတွင် ရော်ဘာခြံအတွင်း ထင်းခုတ်ရမည့်နေရာတွင် ၎င်းတို့နှစ်ဦးအိပ်ရန်အတွက် ခြုံနွယ်များရှင်းလင်းကာ အိပ်ယာဝင်ခဲ့စဉ် ည ၁၂နာရီအချိန်ခန့် အိပ်ယာအနီးခွေးမှာညဉ်းညူနေသည်ကို ကြားရသည့်အတွက် ဦးထွန်းရီ(ခ)ဦးလူပိန်မှာ အိပ်ယာမှလန့်နိုးသွား၍ ဓါတ်မီး ဖြင့်ထိုးကြည့်စဉ် ယောက်ဖဖြစ်သူ ဦးအောင်ဝင်းမှာလည်း ညဉ်းတွားနေပြီး ပါးစပ်မှသွားရည်များလည်းထွက်ကျနေ သည်ကိုတွေ့ရှိရကြောင်း၊ ယင်းအချိန် အိပ်ယာဝင်သည့်နေရာနှင့်ပေ(၄၀)ခန့်အကွာ လမ်းဘက်မှ ကားတစ်စီး မောင်းထွက် သွားသည်ကိုလည်းမြင်တွေ့ခဲ့ရကြောင်း ယောက်ဖဖြစ်သူမှာလည်း လေဖြတ်ရောဂါရှိသည့်အတွက် ရာသီဥတုအေး သောကြောင့် လေဖြတ်သည်ဟုထင်ကာ အကူအညီတောင်းခံရန်အတွက် ခြံစောင့်ဖြစ်သူ ကိုမင်းစိုး၏နေအိမ်သို့ သွားရောက်ခဲ့ပြီး နှစ်ဦးအတူပြန်လာကြည့်စဉ် ဦးအောင်ဝင်းမှာ သေဆုံးနေသည်ကိုတွေ့ရှိရ၍ ခြံရှင်ကို အကြောင်းကြားရာ ခြံရှင်မှ တာဝန်ရှိသူများကို ဆက်လက်အကြောင်းကြားရန် ပြောသဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အခင်းဖြစ်နေရာအား အိန္ဒုနယ်မြေရဲစခန်းမှူး ရဲအုပ် မင်းအောင်ထွန်း ဦးစီးအဖွဲ့မှ လာရောက်စစ်ဆေးခဲ့ရာ ဦးအောင်ဝင်းမှာ ဆီးခုံးနေရာတွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊၀ဲဘက်တင်ပါးတွင် ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက် ဒဏ်ရာများရရှိကာ သေဆုံးနေခြင်းဖြစ်ပြီး ခွေးတွင်လည်း ယာဇက်ပိုးကျည်ဝင်ဒဏ်ရာနှစ်ချက်နှင့်ဝဲပေါင်တွင် ကျည်ထွက်ဒဏ်ရာနှစ်ချက်တို့ဖြင့်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ဦးထွန်းရီ(ခ)ဦးလူပိန်မှ တရားလိုပြုလုပ်ကာ ယောက်ဖဖြစ်သူ ဦးအောင်ဝင်းအား သေနတ်ဖြင့်ပစ်သတ်သွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် အိန္ဒုနယ်မြေရဲစခန်းက (ပ)၁၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားပြီး တရားခံဖမ်းဆီးရမိရေး အတွက် အိန္ဒုနယ်မြေရဲစခန်းမှူး ရဲအုပ်မင်းအောင်ထွန်း၊ သာယာကုန်းရဲကင်းမှူး ရဲအုပ် လှဝေတို့ဦးစီးပြီး နယ်ထိန်းတပ်ဖွဲ့ ၀င်များဖြင့် အပူတပြင်းလိုက်လံစုံစမ်းလျှက်ရှိကြောင်း သိရသည်။

နေလင်း(သာမည)
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin/
ဘားအံမြို့နယ်တွင် ရော်ဘာခြံအလုပ်သမား တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ ဘားအံမြို့နယ်တွင် ရော်ဘာခြံအလုပ်သမား တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 23:13 Rating: 5
Powered by Blogger.