ရည်းစားလုသည့်ကိစ္စနှင့်ပတ်သက်ပြီး လူငယ်အချင်းချင်း အုပ်စုဖွဲ့ခိုက်ရန်ုဖြစ်ပွား စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားများပါဝင်

(စာမေးပွဲကာလ ရဲတပ်ဖွဲ့၏ လှည့်ကင်းဆောင်ရွက်မှု )
ဘားအံ ဖေဖော်ဝါရီ ၁၇

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အထက်တန်းကျောင်းသား အချင်း ချင်း အုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁ဝ နာရီခန့်အချိန် ဘားအံမြို့၊ အမှတ် ၃ ရပ်ကွက်၊ တန်းမြှင့် ကျောင်းလမ်းရှိ အထက (၁) ကျောင်း ဘောလုံးကွင်း အတွင်း လူငယ်များ ခိုက်ရန်ဖြစ်ပွားနေကြောင်း သတင်းအရ ဘားအံမြို့မ ရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် အောင်မျိုးကျော် ဦးစီးအဖွဲ့မှ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တောင်ကလေး အထက(ခွဲ) မှ ဒဿမတန်းကျောင်းသား ဝေယံမျိုးထက်၊ ၁၇ နှစ်နှင့် ကျော်ကိုလင်း၊ ၁၇နှစ်တို့ပါဝင်သော ၅ ဦးအဖွဲ့ကို နာကျင်ဒဏ်ရာများဖြင့် တွေ့ရှိရပြီး ၎င်းတို့အဖွဲ့သည် ဘားအံမြို့နေ စည်သူရှိန်၊ ၁၈ နှစ်ပါ ၉ ဦးအဖွဲ့နှင့် ချိန်းဆိုပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြခြင်းဖြစ်ကြောင်း၊ လူငယ်သဘာဝ ချစ်သူ ရည်းစားလုသည့်ကိစ္စနှင့်ပတ်သက်၍ အချင်းချင်း ခိုက်ရန်ဖြစ်ပွားကြခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် ညနေ ၅ နာရီခွဲခန့်အချိန်တွင် ဝေယံမျိုးထက်နှင့် ကျော်ကိုလင်း တို့ ၂ ဦးသည် ၎င်းတို့အား နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သူ စည်သူရှိန် ပါ ၉ ဦးတွင် လက်ရှိ ပညာသင်ကြားကာ စာမေးပွဲဖြေဆိုလျက် ရှိသည့် ကျောင်းသားများ ပါဝင်နေခြင်းကြောင့် အမှုဖွင့်လိုခြင်းမရှိသဖြင့် အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဘားအံမြို့မရဲစခန်းမှူး၊ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဘားအံမြို့ အထက(၁) ကျောင်းအုပ် ဆရာမကြီးတို့က စည်သူရှိန်ပါ ၉ ဦးအား နောင်အလားတူ ပြစ်မှုမျိုး ကျူးလွန် ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ပြောဆိုဆုံးမ၍ မိဘအုပ်ထိန်းသူများထံ အပ်နှံပေးခဲ့ကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

ရည်းစားလုသည့်ကိစ္စနှင့်ပတ်သက်ပြီး လူငယ်အချင်းချင်း အုပ်စုဖွဲ့ခိုက်ရန်ုဖြစ်ပွား စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားများပါဝင် ရည်းစားလုသည့်ကိစ္စနှင့်ပတ်သက်ပြီး လူငယ်အချင်းချင်း အုပ်စုဖွဲ့ခိုက်ရန်ုဖြစ်ပွား စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားများပါဝင် Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.