ယာယီ အပစ်ရပ် ကာလအတွင်း ဆီးရီးယားမှာ တိုက်ပွဲ ဆက်ဖြစ်


ဆီးရီးယားနိုင်ငံ ဒမာ့စကပ်စ်မြို့နားက သူပုန်တွေ သိမ်းပိုက်ထားတဲ့ အရှေ့ဂူတာမှာ ၅နာရီကြာ ယာယီ အပစ်အခတ် ရပ်စဲဖို့ ရုရှားက ညွှန်ကြားထားပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပဲလို့ ကုလသမဂ္ဂ က ပြောပါတယ်။

တိုက်ပွဲတွေ အတွင်း အနည်းဆုံး အရပ်သားတဦး သေဆုံးခဲ့တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် သူပုန်တွေ ထိန်းချုပ်ထားရာ နေရာဆီ ကုလသမဂ္ဂ ကယ်ဆယ်ရေး အေဂျင်စီတွေ မသွားနိုင်ကြသလို အဲဒီမှာ နေသူတွေလည်း အပြင်ကို ထွက်မလာနိုင်ကြဘူးလို့ ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ် ယဲန်စ် လဲန်ခါ က ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး စစချင်း ပထမ နာရီပိုင်းမှာ ပစ်ခတ်သံတွေ တိတ်သွားပေမယ့် ၅နာရီ ပြည့်ခါနီးမှာတော့ ဆီးရီးယား အစိုးရ ဒါမှမဟုတ် မဟာမိတ် ရုရှားတပ်ဖွဲ့တွေက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။

ရုရှားအစိုးရဘက်ကလည်း အရပ်သားတွေ ထွက်ခွာ ဖို့ သတ်မှတ်ထားတဲ့ နယ်နမိတ် လမ်းကြောင်းကို သူပုန်တွေက အမြောက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ယာယီ အပစ်ရပ် ကာလအတွင်း ဆီးရီးယားမှာ တိုက်ပွဲ ဆက်ဖြစ် ယာယီ အပစ်ရပ် ကာလအတွင်း ဆီးရီးယားမှာ တိုက်ပွဲ ဆက်ဖြစ် Reviewed by THITHTOOLWIN on 22:55 Rating: 5
Powered by Blogger.