အခြေခံပညာကျောင်းများအနီး ကိုက် ၁၀၀အတွင်း ဖွင့်လှစ်ထားသည့် အရက်ဆိုင်၊ ဘီယာဆိုင်များကို လိုင်စင်ပိတ်သိမ်းမည်


ရန်​ကုန်​၊ ​ဖေ​ဖော်​ဝါရီ ၂၆။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများအနီး ကိုက်၁၀၀ အတွင်း တရားဝင်လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် အရက်ဆိုင်၊ ဘီယာဆိုင်များကို လိုင်စင်သိမ်းမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ဖေဖေါ်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

ယစ်မျိုးဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၂၁ အရ သာသနာ့မြေ၊စာသင်ကျောင်း ၊ပန်းခြံ ၊ဈေး ၊ဆေးရုံအနီး တွင် လည်းကောင်း ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦးတွင် လည်းကောင်း ၊ယစ်မျိုးဆိုင် တစ်ဆိုင်နှင့်တစ်ဆိုင် ကိုက် ၁၀၀ အနီးတွင် ဖွင့်လှစ် ရောင်းချရန် ခွင့်မပြုသော်လည်း လက်ရှိတွင် အခြေခံကျောင်းများအနီး ဖွင့်လှစ်မှုများ ရှိနေသောကြောင့် မည်သို့ဆောင်ရွက်ရန် အစီစဉ်ရှိမရှိကို မရမ်းကုန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းနှင့် လှိုင်မြို့နယ်​တိုင်းဒေသကြီးလွှတ်တော်​ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးတို့က လွှတ်တော်တွင် ကြယ်ပွင့်ပြ​မေးခွန်း မေးမြန်းရာတွင် ၀န်ကြီးက ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။


''ယစ်မျိုး နည်းဥပဒေ ၂၂ မှာ အရက်ဆိုင်ဟာ အများပြည်သူ ရှုမြင်ရန် မသင့်တော်သည့် နေရာတွင်လည်းကောင်း သောက်သုံးသူတို့အနီး ဖြတ်သန်းသွားလာသူတွေကို အနှောက်ယှက် ဖြစ်စေမယ့်​နေရာ၊ ဈေး၊ဆေးရုံ၊စာသင်ကျောင်း၊ဘုန်းကြီးကျောင်း ဘုရားဝတ်ပြူစေတဲ့ နေရာအနီးမှာ မထားရှိဖို့ ပြဌာန်းထားရှိပြီး ဖြစ်တယ်၊ ဒါကြောင့် ယစ်မျိုးဆိုင်တွေကို ယစ်မျိုးကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းညှိနှိုင်းပြီး မရမ်းကုန်မြို့နယ်မှာ လေးဆိုင်၊ လှိုင်မြို့နယ်မှာ ငါးဆိုင်ကို ယစ်မျိုးသက်တမ်း ကုန်ဆုံးတဲ့ မတ်လကုန် အတွင်းမှာ အပြီး ပိတ်သိမ်း ဆောင်ရွက်မယ်၊ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ကျောင်းနား ကိုက်၁၀၀ အတွင်းမှာ ရှိတဲ့ ဆိုင်တွေကို ကောစိစစ်ပြီးတော့ ဆိုင်ဖွင့်ခွင့်ကိစ္စကို စိစစ်ဆောင်ရွက်သွားမယ်''ဟု ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောသည်။

တရားမ၀င်ဖွင့်လှစ်ရောင်းချနေသည့် အရက်ပုန်းဆိုင်များကိုလည်း အရေးယူမှုကိုလည်း လုပ်ဆောင်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာရပ်ကွက်မှ သတင်းပေးတိုင်ကြားပါက ချက်ချင်းအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ဆက်လက်ပြောကြားသည်။

ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar
အခြေခံပညာကျောင်းများအနီး ကိုက် ၁၀၀အတွင်း ဖွင့်လှစ်ထားသည့် အရက်ဆိုင်၊ ဘီယာဆိုင်များကို လိုင်စင်ပိတ်သိမ်းမည် အခြေခံပညာကျောင်းများအနီး ကိုက် ၁၀၀အတွင်း ဖွင့်လှစ်ထားသည့် အရက်ဆိုင်၊ ဘီယာဆိုင်များကို လိုင်စင်ပိတ်သိမ်းမည် Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.