ပုသိမ်မြို့ မြတ်ဒီပါရုံဘုရားပွဲတွင် လူငယ် ၂၀ ခန့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရ


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ရွှေတွင်းတူးကျေးရွာ၊ မြတ်ဒီပါရုံ ဘုရားပွဲတွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၀၀း၃၀ နာရီက လူငယ် ၂၀ ခန့် အဖွဲ့လိုက်ခိုက်ရန်ဖြစ်ပွားမှုကြောင့် မြင်းကကွင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သေနတ် မိုးပေါ်ထောင် ပစ်ဖောက်လူစုခွဲခဲ့ရကြောင်း သိရှိရသည်။

လူငယ်များခိုက်ရန်ဖြစ်ပွားပြီး ခဲများဖြင့် တစ်ဖက်နှင့် တစ်ဖက် ပစ်ပေါက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များမှ ဝင်ထိန်း မရသည့်အဆုံး သေနတ်မိုးပေါ်ထောင် ၃ ချက် ဖောက်ကာ လူစုခွဲခဲ့ရပြီး ခိုက်ရန်ဖြစ်ပွားသူများ ပစ်ပေါက်ခဲ့သော ခဲလုံးမှန်ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
“ဘုရားပွဲလာရင်းရန်ဖြစ်ကြတာပါ။ ညကမှောင်နေတာရယ် တခြားသူတွေထိ ကုန်မှာရယ်ကြောင့် သနတ်မိုးပေါ် ထောင်ပြီး ၃ ချက်ဖောက်လိုက်တာပါ။ ရဲတစ်ယောက် ဒဏ်ရာရသွားပေမယ့် သူ့ကို ဒဲ့ပစ်တာ မဟုတ်တော့ မပြင်းထန်ပါဘူး။ အမှုဖွင့်ပြီး ဆက်လက်အရေးယူဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

ဖေဖော်ဝါရီ ၂၇ ရက် နေ့လည်ပိုင်းက ခိုက်ရန်ဖြစ်ပွားခဲ့သော လူငယ်များကို ရဲတပ်ဖွဲ့ဝင်များမှာ လိုက်လံဖမ်းဆီး နေပြီး ရွာနှစ်ရွာမှ လူငယ်များ ရန်ငြိုးရန်စကြောင့် ခိုက်ရန်ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ညကတစ်ယောက်ဖမ်းထားတယ်။ သပြုချောင်းရွာက လူငယ်လေးယောက်ကို ထပ်ဖမ်းထားတယ်။ ရွှေတွင်းတူးရွာက လူငယ်တွေပိုများတယ်ပြောတယ်။”ဟု ဒေသခံ ကိုသီဟလှိုင်က ပြောသည်။

ရွှေတွင်းတူးကျေးရွာ မြတ်ဒီပါရုံဘုရားပွဲကို နှစ်စဉ် တပေါင်းလဆန်း ၁၂ ရက်မှ တပေါင်းလပြည့်နေ့အထိ ကျင်းပပြီး အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများလာရောက်သဖြင့် စည်ကားသည့် ပွဲတော်အတွင်း ပျော်ပွဲရွှင်ပွဲ အဖြစ် ခြောက်ကောင်ဝိုင်းများ လောင်းကစားဝိုင်းများလည်း ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပုသိမ်မြို့ မြတ်ဒီပါရုံဘုရားပွဲတွင် လူငယ် ၂၀ ခန့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရ ပုသိမ်မြို့ မြတ်ဒီပါရုံဘုရားပွဲတွင် လူငယ် ၂၀ ခန့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရ Reviewed by THITHTOOLWIN on 10:39 Rating: 5
Powered by Blogger.