ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တရားမ၀င် ဓာတ်အား ခိုးယူသုံးစွဲမှုကြောင့် နစ်နာကြေး ကျပ် ၄၈၅ သိန်းကျော်ရရှိ


နေပြည်​​တော်​၊ ​ဖေ​ဖော်​ဝါရီ ၁၅။

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တရားမ၀င် ဓာတ်အား ခိုးယူသုံးစွဲမှုကြောင့် နစ်နာကြေး ကျပ် ၄၈၅၇၇၁၅၀ ရရှိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

“လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေနဲ့ တိုင်းဒေသကြီး/ ပြည်နယ် တွေမှာ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးနဲ့ တရားမ၀င် မီတာ ကွင်းဆင်းစစ်ဆေးမှုအခြေအနေများအား အလေးထားဆောင်ရွက်လျက် ရှိပါတယ်။

ဓာတ်အားသုံးစွဲသူပြည်သူများမှလည်း နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာမှု မဖြစ်ပေါ်ရေးအ တွက် လျှပ်စစ်ဓာတ်အားကို တရားမ၀င်နည်းတွေနဲ့ မသုံးစွဲသင့်ပါဘူး”ဟု ရန်ကုန်ဓာတ်အားဖြန့်ဖြူးရေးကော်ပို ရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်ကျော်ဦးက ပြောသည်။

၎င်း နစ်နာကြေးသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလအတွင်း မီးသုံးစွဲသူ ၄၈၇၆၁ ဦး အားစစ်ဆေးခဲ့သည့်အထဲမှ တရားမ၀င် ဓာတ်အားသုံးစွဲသူ ၆၀ ဦးအားစစ်ဆေး တွေ့ရှိခဲ့ပြီး စုစုပေါင်း သုံးစွဲယူနစ် ၃၅၁၀၀၀ အတွက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တရားမ၀င် မီးသုံးစွဲမှုများ၌ မီးသုံးစွဲသူများမှ တိုက်ရိုက် သုံးစွဲခြင်း ၃၇ မှုအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး လျော်ကြေးငွေ ၄၄၁၀၈၀၀၀ ကျပ်၊ ဆင့်ပွားဓာတ်အားသုံးစွဲခြင်း ၂၀ မှုအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး လျော်ကြေးငွေ ၁၇၁၁၃၅၀ ကျပ် ရရှိခဲ့ကြောင်း သိရှိရသည်။

ထိုအပြင် မီတာအား ပြုပြင်သုံးစွဲခြင်း ၁ မှုအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး လျော်ကြေးငွေ ၂၀၃၅၄၀၀ ကျပ် နှင့် ၀န်ပိုသုံးစွဲခြင်း ၂ မှုအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး လျော်ကြေးငွေ ၇၂၂၄၀၀ ကျပ် ရရှိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar/
ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တရားမ၀င် ဓာတ်အား ခိုးယူသုံးစွဲမှုကြောင့် နစ်နာကြေး ကျပ် ၄၈၅ သိန်းကျော်ရရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တရားမ၀င် ဓာတ်အား ခိုးယူသုံးစွဲမှုကြောင့် နစ်နာကြေး ကျပ် ၄၈၅ သိန်းကျော်ရရှိ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.