နိုင်ငံရေးအမြတ်မထုတ်ဖို့ တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ခင်မောင်သန့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးနေစဉ်
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးသမားတွေ နိုင်ငံရေး အမြတ်မထုတ်ဘဲ ပူးပေါင်းဆွေးနွေး သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ခင်မောင်သန့်က ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ တင်သွင်းတဲ့ ရခိုင်ပြည်နယ်မြောက် ပိုင်းမှာ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ရေး၊ ဒေသခံတိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ထာဝရ လုံခြုံမှုရှိတဲ့ လူမှုဘ၀ကို ထူထောင်နိုင်ဖို့နဲ့ လိုအပ်ချက်တွေကို ရေတိုရေရှည်စီမံကိန်းတွေ ချမှတ်ပြီး ဆောင်ရွက်ပေး ဖို့ အစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဒုတိယဗိုလ်မှူးကြီး ခင်မောင်သန့် က အခုလိုဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းများစွာ လူ့အဖွဲ့အစည်းနှစ်ခုအကြား ယုံကြည်မှုလျော့ပါးနေတာဟာ နိုင်ငံရေးပယောဂ ၊ ကောလာဟလတွေကြောင့် တဖက်နဲ့တဖက် သံသယစိတ်တွေ ကြီးထွားလာပြီး ရန်လိုမုန်းတီးမှုတွေ တစ တစ ပြင်းထန်လာခဲ့ကြောင်း၊  မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းနှစ်ခုအကြား တရားဥပဒေနဲ့အညီ တည်ငြိမ်စွာ ယှဉ်တွဲနေထိုင်မှသာ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲပြီး ဒေသခံဌာနေတိုင်းရင်းသားတွေရဲ့ အကျိုးစီးပွား ဖံွ့ဖြိုးတိုးတက်လာမှာဖြစ်တယ်လို့လည်း ဒုတိယဗိုလ်မှူးကြီးခင်မောင်သန့်က ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေ စိမ့်ဝင်ထိုးဖောက် နှောင့်ယှက်မှုတွေကို တားဆီးနိုင်ဖို့ သတင်းကြိုတင်ရရှိရေး အရေးကြီးကြောင်းနဲ့ နယ်စပ်အရှည်မိုင် ၁၇၀ ထဲမှာ ၁၃၀ ခန့်ကို  ခြံစည်းရိုးကာရံထားပြီး ဖြစ်ပေမယ့် လုံခြုံမှု ရှိဖို့နဲ့ ရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက် ပတ်လမ်းတွေကို ရာသီမရွေးသွားလာနိုင်တဲ့ လမ်းတွေအဖြစ် ဖောက်လုပ်ဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

ကိုယ်စားလှယ်တွေ ဆွေးနွေးအပြီးမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့  ပြန်လည်နေရာချထားရေး ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြန်လည်ရှင်းလင်းရာမှာ အကြမ်းဖက်သမားတွေ စိမ့်ဝင်မှုမရှိအောင် နတ်မြစ်မှာ တပ်မတော်ရေက တပ်ဖွဲ့ဝင်တွေ ကင်းလှည့်စစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နယ်စပ်ခြံစည်းရိုးတွေကို ၂ ထပ် ကာရံတာ၊ ရဲကင်းစခန်း ၄ ခုထပ်ဖွဲ့တာ၊ ဘူးသီးတောင်၊ မောင်တောမှာ လျှပ်စစ်မီးကို ၂၀၁၈ အတွင်းရရှိဖို့ ဆောင်ရွက်နေတာတွေကိုလည်း လွှတ်တော်မှာ ရှင်းလင်းခဲ့ပြီး အဆိုကို မှတ်တမ်းတင်ဖို့ တင်ပြခဲ့ပါတယ်။

အဲဒီနောက်အဆိုကို မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၆၇ မဲ၊ ကန့်ကွက်မဲ ၃၀၄ မဲရှိတဲ့အတွက် အဆိုကို လွှတ်တော်က မှတ်တမ်းတင်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သတ်ပြီး ရခိုင်အမျိုးသားပါတီက အရေးကြီးအဆိုအချို့ကို လွှတ်တော်မှာ တင်ခွင့်မရခဲ့သလို တချို့အဆိုတွေကိုလည်း မှတ်တမ်းအဖြစ်သာ ထားရှိတာတွေ များလာပါတယ်။

RFA Burmese
https://www.rfa.org/burmese
နိုင်ငံရေးအမြတ်မထုတ်ဖို့ တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး နိုင်ငံရေးအမြတ်မထုတ်ဖို့ တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.