ကုန်ဈေးနှုန်းမြင့်တက်နေလို့ ပူတာအိုမှာ ဆန္ဒပြ

ပူတာအိုမြို့မဈေးကို တွေ့ရစဉ်/ Photo: Kyaw Myo Min/RFA
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းပေါ်က လမ်းတံတားတချို့ကို ကေအိုင်အေ က ဖျက်ဆီးလိုက်တာကြောင့် ကုန်စည် ကူးသန်း သွားလာရေးတွေ ပြတ်တောက်နေတာကြောင့် ကုန်ဈေးနှုန်းတွေ ကြီးနေတဲ့အတွက် ဒေသခံတိုင်းရင်းသား ၃၀၀ လောက်က ဒီကနေ့ ပူတာအိုမြို့မှာ ဆန္ဒပြကြပါတယ်။

ဒေသထွက်ကုန်တွေမရှိတဲ့ ပူတာအိုဒေသမှာ အခုလို ရေရှည်ဖြစ်နေရင် ကုန်ဈေးနှုန်းတွေ အဆမတန်တက်ပြီး၊ လူထုတွေ ပိုမိုခက်ခဲကျပ်တည်းလာမှာဖြစ်တယ်လို့ ပူတာအိုမြို့ နယ် လီဆူရိုးရာစာပေယဉ်ကျေးမှု အတွင်းရေးမှူး ဦးရားနီ က ပြောပါတယ်။

"တိုင်းရင်းသား ရဝမ်၊ လီဆူ၊ ရှမ်း ၊ ဂျိန်းဖော စာပေယဉ်ကျေးမှုအဖွဲ့တွေပါပါတယ်။ အဓိက ကြွေးကြော် ဆိုင်းဘုတ်တွေကတော့ ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါ။ စစ်ပွဲတွေကို အကြောင်းပြပြီးတော့ လမ်း တံတား မဖျက်ဆီးပါနဲ့။ ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးတင်ရောင်းချတာကို အလိုမရှိ။ ဆိုပြီးတော့ ပါပါတယ်ခင်ဗျ။ ကားလမ်း တပတ်၊ နှစ်ပတ်ရပ်သွားတာနဲ့ ဓါတ်ဆီဈေးကလည်း ပုလင်းဝက် ကို နှစ်ထောင်၊ နှစ်ထောင်နဲ့ ဖြစ်နေပါတယ်ခင်ဗျ။ အရင်က ပုံမှန် တစ်ထောင်လောက်ပဲရှိတဲ့ ခရမ်း ချဉ်သီးတို့ ကြက်သွန်တို့ အခုက သုံးထောင်၊ နှစ်ထောင့်ရှစ်ရာအထက် ဖြစ်ကုန်ပါပြီခင်ဗျ။"

အစိုးရတပ်မတော်ဘက်က စစ်ဆင်ရေးတွေ မလုပ်နိုင်အောင်ဆိုပြီး ကေအိုင်အေ က ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်း မှာ လမ်းတံတားနဲ့ စက်ယန္တရားတချို့ကို ဖျက်ဆီးလိုက်ပြီးနောက်ပိုင်း ဆွမ်ပရာဘွမ်နဲ့ ပူတာအိုဘက်ကိုသွားလို့ မရတော့တာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာဖြစ်ပါတယ်။

အဲဒီလမ်းကို အမြန်ဆုံးသွားလို့ရအောင် ပြုပြင်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ကချင်ပြည်နယ် လွှတ်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ပူတာအိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က အရေးကြီး အဆိုတင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိတဲ့အတွက် အဆိုရှင်ရဲ့ဆန္ဒအရ လွှတ်တော်မှာ မှတ်တမ်းတင်ခဲ့ပါတယ်။

ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင် က အဲဒီလမ်းကို အမြန်ဆုံးသွားလို့ ရအောင် ဆောင်ရွက်မယ်လို့ လွှတ်တော်မှာ ဖြေဆိုထားပေမယ့် အခုအချိန်အထိတော့ အများပြည်သူတွေက အသုံးမပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကုန်ဈေးနှုန်းမြင့်တက်နေလို့ ပူတာအိုမှာ ဆန္ဒပြ ကုန်ဈေးနှုန်းမြင့်တက်နေလို့ ပူတာအိုမှာ ဆန္ဒပြ Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.