ကုလ အရေးယူပိတ်ဆို့မှုကို မြောက်ကိုရီးယား ချိုးဖောက်တယ်လို့ ဂျပန်ပြော


ကုလသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုကို မြောက်ကိုးရီးယားက ချိုးဖောက်တယ်လို့ သံသယဝင်စရာတခုကို တွေ့ရတယ်လို့ ဂျပန်နိုင်ငံက ပြောကြားလိုက်ပါတယ်။

ဂျပန်ရဲ့ကင်းလှည့်လေယာဉ်တစင်းဟာ အရှေ့တရုတ်ပင်လယ်ထဲမှာ မြောက်ကိုးရီးယားနဲ့ ဘလိစ် Belize နိုင်ငံပိုင်သင်္ဘောနှစ်စင်း ကုန်တွေ လွှဲပြောင်းနေတာကို အင်္ဂါနေ့မနက်ပိုင်းမှာ တွေ့ခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ အဲဒီနှစ်နိုင်ငံဟာ တားမြစ်ထားတဲ့ပစ္စည်းတွေကို သင်္ဘောချင်း လွှဲပြောင်းနေတာဖြစ်တယ်လို့ ပြင်းပြင်းထန်ထန်ကို သံသယရှိကြောင်း မနေ့ထုတ်ပြန်တဲ့ ဂျပန်နိုင်ငံခြားရေးဌာနရဲ့ ကြေငြာချက်မှာ ပါရှိပါတယ်။ အဲဒီအဖြစ်အပျက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ သက်ဆိုင်ရာနိုင်ငံတွေကို အသိပေးအကြောင်းကြားထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂဟာ မြောက်ကိုးရီးယားရဲ့ ဒုံးကျည်နဲ့ နယူးကလီးယား လက်နက်ကိုင်ဆောင်မှုတွေကို တားမြစ်ဖို့အတွက် ပိတ်ဆို့အရေးယူတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အရေးယူမှုအဖြစ် မြောက်ကိုးရီးယားရေယာဉ် ၈ စီးကို နိုင်ငံတကာဆိပ်ကမ်းတွေကနေ ထိန်းသိမ်းထားပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလကတော့ မြောက်ကိုးရီးယားပိုင် ရေယာဉ်တွေနဲ့ သင်္ဘောချင်း ကုန်ပစ္စည်းလွှဲပြောင်းမှုမလုပ်ရေး ပိတ်ဆို့မှုကို ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

ကုလ အရေးယူပိတ်ဆို့မှုကို မြောက်ကိုရီးယား ချိုးဖောက်တယ်လို့ ဂျပန်ပြော ကုလ အရေးယူပိတ်ဆို့မှုကို မြောက်ကိုရီးယား ချိုးဖောက်တယ်လို့ ဂျပန်ပြော Reviewed by THITHTOOLWIN on 08:44 Rating: 5
Powered by Blogger.