နှစ် ၇၀ ပြည့် ရုရှား - မြန်မာ သံတမန်ဆက်ဆံရေး

ရုရှား - မြန်မာ သံတမန်ဆက်ဆံရေးဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ နှစ် ၇၀ ပြည့်မြောက်ပါတယ်
ရုရှား - မြန်မာ သံတမန်ဆက်ဆံရေးဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ နှစ် ၇၀ ပြည့်မြောက်ပါတယ်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှာ ရုရှားနိုင်ငံ (ထိုစဉ်ကဆိုဗီယက်ပြည်ထောင်စု)နဲ့ မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေး စတင် ထူထောင်ခဲ့တယ်။

သမိုင်းသက်သေ အထောက်အထားတွေအရ ၁၈၇၃ ခုနှစ်ကတည်းက ဗမာ့ခေါင်းဆောင်တွေဟာ ရုရှားအင်ပါယာနဲ့ ဆက်သွယ်ဖို့ ပထမဦးဆုံးခြေလှမ်း အစပြုခဲ့တယ်။ အဲဒီတုန်းက ရုရှားလူမျိုး ခရီးသွားတစ်ဦးကတဆင့် သံတမန် ဆက်ဆံရေးထူထောင်ဖို့ ဆန္ဒရှိတယ်ဆိုတဲ့ စာချွန်လွှာကို စိန့်ပီတာစဘတ်မြို့ကိုပေးပို့ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာရုရှသံရုံးက နှစ် ၇၀ ပြည့် ရုရှား - မြန်မာ သံတမန်ဆက်ဆံရေးအကြောင်း ရေးသားထားတဲ့စာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၁၉ ရာစုအတွင်း အင်္ဂလိပ်ကမြန်မာကို ကျူးကျော်တဲ့စစ်ပွဲတွေမှာ ဗမာ့မင်းတွေက ရုရှားနိုင်ငံအပေါ် မှီခိုအားထားဖို့ မျှော်လင့်ခဲ့တယ်လို့လည်း အဲဒီစာထဲမှာပါရှိပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ် ၁၉၅၀ ပြည့်လွန်နှစ်တွေမှာလည်း မြန်မာနိုင်ငံနဲ့ ဆိုဗီယက်ပြည်ထောင်စုဟာ ခင်မင်ရင်းနှီးစွာဆက်ဆံကြတဲ့ နိုင်ငံတွေ ဖြစ်လာပါတယ်။ ၁၉၅၅ ခုနှစ်၊ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ခေါင်းဆောင်ပိုင်းအဆင့် အပြန်အလှန်ခရီးစဉ် လည်ပတ်မှုအဖြစ် မြန်မာနိုင်ငံဝန်ကြီးချုပ်ဦးနုက ဆိုဗီယက်ပြည်ထောင်စုကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

အဲဒီနှစ် ၁၉၅၅ ဒီဇင်ဘာလထဲမှာပဲ ဆိုဗီယက်ခေါင်းဆောင်တွေဖြစ်တဲ့ နီကီတာခရူရှပ်ဗ်နဲ့ နီကိုလိုင်း ဘူလ်ဂါနင်တို့ဦးဆောင်တဲ့ ဆိုဗီယက်ပြည်ထောင်စု ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့တယ်။

၁၉၅၇ ခုနှစ်၊ ဇန်နဝါရီလမှာ ဆိုဗီယက် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ရန်ကုန်မြို့မှာ စက်မှုနည်းပညာ တက္ကသိုလ်၊ အင်းယားလိတ်ဟိုတယ်နဲ့ တောင်ကြီးမြို့မှာ စဝ်စံထွန်းဆေးရုံ ဆောက်လုပ်ဖို့အတွက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြပြီး၊ ၁၉၆၁ ခုနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောက်လုပ်ခဲ့ကြတယ်။

မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်(မ.ဆ.လ)မှာ တော်လှန်ရေးကောင်စီဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းလည်း နိုင်ငံတော်ခရီးစဉ်အနေနဲ့ ၁၉၆၅ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုကို သွားရောက်လည်ပတ်ခဲ့ပြီး လီယိုနိဒ် ဘရယ်ရ်ဇ်ညက်ဗ်၊ အဲလက်စေး ကိုစီဂင်န်၊ အန်နာစတပ်(စ်) မီကိုရန်တို့နဲ့ တွေ့ဆုံခဲ့ကြတယ်။

မ.ဆ.လ ခေတ်နောက်ပိုင်း စစ်အစိုးရအုပ်ချုပ်နေချိန်မှာလည်း ရုရှားနဲ့ မြန်မာနိုင်ငံအကြား နယ်ပယ်ကဏ္ဍအသီးသီးမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့ပြီး၊ နှစ်နိုင်ငံအကြား ထိပ်သီးခေါင်းဆောင်အဆင့်နဲ့ အဆင့်မြင့်အရာရှိကြီးတွေကြားမှာလည်း ဆက်သွယ်မှုတွေ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးရဲ့ရေးသားချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ရုရှားနဲ့ မြန်မာနိုင်ငံအကြား စစ်ဘက်နဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်မှုတွေရှိပြီး၊ အင်အား တောင့်တင်းတဲ့တပ်မတော် ဖြစ်လာစေဖို့ ရုရှားနိုင်ငံက ထောက်ပံ့ကူညီပေးတဲ့အပြင် မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးအတွက် ရုရှားနိုင်ငံလုပ် စစ်လက်နက်ပစ္စည်းတွေ၊ ရုရှားတိုက်လေယာဉ် MiG-29 နဲ့ သင်ကြားရေးအထောက်အကူပြုလေယာဉ် YaK-130၊ ရဟတ်ယာဉ်အမျိုးအစား Mi-17၊ Mi-24 နဲ့ Mi-35၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ယာဉ်ယန္တရားတွေကိုလည်းဝယ်ယူခဲ့တယ်လို့ ရုရှားသံရုံးရဲ့ ရေးသားချက်မှာ ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံရဲ့ အဆင့်မြင့်တက္ကသိုလ်တွေမှာ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက မြန်မာအစိုးရက ရွေးချယ်စေလွှတ်ခဲ့တဲ့ မြန်မာကျောင်းသားအယောက် ၆,၀၀၀ ကျော်ဟာ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့တွေရရှိခဲ့ပြီး လက်ရှိမှာလည်း ရာနဲ့ချီတဲ့ ကျောင်းသားကျောင်းသူတွေဟာ ပညာသင်ကြားလျှက်ရှိတယ်လို့လည်း ဆိုထားပါတယ်။

တစ်နိုင်ငံရဲ့ယဉ်ကျေးမှု၊ စာပေနဲ့ အနုပညာအပေါ် တစ်နိုင်ငံက စိတ်ဝင်တစားရှိပြီး၊ မြန်မာဝတ္ထုတချို့ကို ရုရှားဘာသာနဲ့ ဖော်ပြတာတွေရှိသလို၊ ရန်ကုန်မြို့ရဲ့ စာအုပ်အရောင်းဆိုင်တွေမှာလည်း ကမ္ဘာကျော် ရုရှားစာရေးဆရာတွေရဲ့ စာအုပ်တွေနဲ့ ရုရှားနိုင်ငံသမိုင်းကြောင်း ရေးသားထားတဲ့စာအုပ်တွေ၊ ခေတ်ပေါ် လူနေမှုဘဝအကြောင်း ရေးသားထားတဲ့စာအုပ်တွေ ရှိပါတယ်။

အလားတူပဲ ရုရှားနိုင်ငံ၊ မော်စကိုနိုင်ငံတော်တက္ကသိုလ် လက်အောက်မှာရှိတဲ့ အာရှ-အာဖရိကနိုင်ငံများ တက္ကသိုလ်နဲ့ စိန့်ပီတာစဘတ် နိုင်ငံတော်တက္ကသိုလ်တွင်တွေမှာ မြန်မာဘာသာစကားကို လေ့လာ သင်ယူနေသူတွေရှိသလို၊ မြန်မာနိုင်ငံရဲ့ အဆင့်မြင့် တက္ကသိုလ်တွေဖြစ်တဲ့ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်နဲ့ ပြင်ဦးလွင် စစ်တက္ကသိုလ်တွေမှာ ရုရှဘာသာစကားကို သင်ယူနေကြတဲ့ ကျောင်းသားရာချီ ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
နှစ် ၇၀ ပြည့် ရုရှား - မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် ရုရှား - မြန်မာ သံတမန်ဆက်ဆံရေး Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.