ကချင်ပြည်နယ်ရှိ မြို့ ၃ မြို့တွင် တစ်ရက်တည်း မီးလောင်ကျွမ်းမှု ၃ ကြိမ်ဖြစ်ပွား


မြစ်ကြီးနား ဖေဖော်ဝါရီ ၂၀

ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ဟိုပင်၊မြစ်ကြီးနားမြို့တို့တွင် ဖေဖော်ဝါရီ၁၉ရက်က တစ်ရက်တည်း မီးလောင်ကျွမ်းမှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ၁၉ရက် မွန်းလွဲ၁နာရီခွဲက ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ကြက်တစ်ကောင်ကုန်းရှိ ‘‘ကျောက်စိမ်းတောင်’’ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီရုံးဝင်း၌ မှော်ဝမ်းရပ်ကွက် အုပ်စု(၇)နေ ကုမ္ပဏီတာဝန်ခံ ဦးကျော်လှ(၅၂)နှစ် ဦးစီးသည့် ကုမ္ပဏီပိုင်ကားဝပ်ရှော့အလုပ်ရုံတွင် တပ်ဆင်ထားသည့် လျှပ်စစ်ဝိုင်ယာကြိုး ရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့၍ အလျား ၄၀ ပေ၊အနံ ၆၀ ပေ၊အမြင့် ၂၀ ပေရှိ သွပ်မိုး သွပ်ကာ အလုပ်ရုံ ၄ ရုံ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့သဖြင့် ဦးကျော်လှအား ဖားကန့်မြို့မရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။

ထို့အတူ မိုးညှင်းမြို့နယ် ဟိုပင်မြို့ တကွင်းကျေးရွာနေ ဦးအောင်ဌေး(၆၂)နှစ်၏ နေအိမ်အောက်ထပ်ရှိ စပါးသိုလှောင်သည့်ဂိုဒေါင်တွင် ဖယောင်းတိုင်မီးဖြင့် စပါးခြင်တွယ်ရာမှ ဖယောင်းတိုင်လဲကျပြီး နေအိမ်သို့မီးကူးစက်လောင်ကျွမ်းခဲ့ရာ ၂၇ ပေပတ်လည် သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း နေအိမ်တစ်လုံး မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့၍ ဦးအောင်ဌေးအား ဟိုပင်မြို့မရဲစခန်းတွင် အရေးယူထားသည်။

အလားတူ ဖေဖော်ဝါရီ၁၉ရက် ည၁၁နာရီ ၂၀မိနစ်က မြစ်ကြီးနားမြို့ အင်ဂျန်ဒုံမြောက်ရပ်ကွက် နယ်မြေ(၈)ရှိ ဦးမျိုးနိုင်ဝင်း ပိုင်ဆိုင်သည့် နေအိမ်တွင် ဖုန်းအားသွင်းထားရာမှ လျှပ်စစ်ဘုတ်ခုံဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့သဖြင့် ပေ ၈၀ × ၃၀ သွပ်မိုး ထရံကာ မြေစိုက် ကျောင်းသားအိပ်ဆောင်တစ်လုံး မီးလောင်ကျွမ်းပျက်စီး ဆုံးရှုံးခဲ့သဖြင့် ဦးမျိုးနိုင်ဝင်းအား မြစ်ကြီးနားမြို့မရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကချင်ပြည်နယ်ရှိ မြို့ ၃ မြို့တွင် တစ်ရက်တည်း မီးလောင်ကျွမ်းမှု ၃ ကြိမ်ဖြစ်ပွား ကချင်ပြည်နယ်ရှိ မြို့ ၃ မြို့တွင် တစ်ရက်တည်း မီးလောင်ကျွမ်းမှု ၃ ကြိမ်ဖြစ်ပွား Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.