ဗုံးကွဲမှု ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ ၄ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် ချုပ်ရက်ရမန်ယူ

(ကိုနိုင်စိုး ဖမ်းဆီးခံရသဖြင့် စိုးရိမ်နေကြသည့် မိသားစုဝင်များက အမှတ်(၁) ရဲစခန်းရှေ့တွင် တစ်ညလုံး ဤသို့ ငုတ်တုတ်ထိုင်၍ စောင့်နေခဲ့ကြသည်/ ဓာတ်ပုံ- မြတ်သူထွန်း)
စစ်တွေ၊ ဖေဖော်ဝါရီ ၂၆

ဗုံးကွဲမှု ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ စစ်တွေဒေသခံ ၄ ဦးအား စစ်တွေမြို့နယ် တရားရုံးတွင် ယနေ့ မွန်းလွဲပိုင်းက ရဲက ချုပ်ရက် ရမန်ယူလိုက်ကြောင်း သိရသည်။

သူတို့ ၄ ဦးမှာ ဦးနိုင်စိုး (ဓညဝတီရပ်ကွက်) ၊ ဦးသန်းရွှေနှင့် ဦးရွှေထွန်းအောင် (လမ်းသစ်ရပ်ကွက်)၊ ဦးမောင်ဦးမြင့် (ကန်တော်ကြီးရပ်ကွက်) တို့ဖြစ်ကြသည်။

သူတို့အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(က)(ဈ)တို့ဖြင့် မတ်လ ၁၂ ရက်နေ့အထိ ချုပ်ရက်ရမန်ယူထားကြောင်း တရားလွတ်တော်ရှေ့နေ ဦးမျိုးဟိန်းက ပြောသည်။

“ ကျနော်သိရသလောက်ကတော့ ဒီစစ်တွေမြို့နယ် တရားရုံးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅ဝ (က)(ဈ)တို့နဲ့ ရမန်ယူတယ်လို့ကြားသိရပါတယ်။ ကျွန်တော် အခုနားက သွားတွေ့တယ်။ သွားတွေ့တော့ သူတို့က စစ်ဆေးနေတဲ့အတွက်ကြောင့် ရှေ့နေနဲ့တွေ့ခွင့် မရဘူးလိုပြောပါတယ်” တရားလွတ်တော်ရှေ့နေ ဦးမျိုးဟိန်းက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယခုလ ဖေဖော်ဝါရီ ၂၄ ရက် နံနက်က လက်လုပ် မိုင်း(၃)လုံး ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့ကို စစ်ဆေးရန် ချုပ်ရက် ရမန်ယူခြင်း ဖြစ်ကြောင်း သိရသည်။

“ ဘာတခုမှ မပြစ်မရှိရင် လွတ်ပေးစေချင်ပါတယ်။ သူတစ်ပါးကို ကိုယ်ချင်းစာစိတ်နဲ့ လုပ်ကြ စေလိုပါတယ်။ တစ်ခုလည်း အပြစ်မရှိဘဲနဲ့တော့ မတရား မဖမ်းထားပါနဲ့လို့ ပြောချင်ပါတယ်” ဟု စစ်ဆေးခံနေရသူ ဦးနိုင်စိုး၏ အမျိုးသမီး ဒေါ်ကေခိုင်ဝင်းက နိရဉ္စရာသတင်းဌာနကို ပြောသည်။

အမှတ်(၁) ရဲစခန်း စခန်းမှူး ဒုရဲမှူး မိုးဇော်အား ဆက်သွယ်ရာ ဖုန်းကိုင်သော်လည်း မီဒီယာမှ ဆိုသဖြင့် တစ်စုံတစ်ရာ ပြန်လည် ပြောဆိုခြင်း မရှိဘဲ ဖုန်းချသွားခဲ့သည်။

သူတို့ ၄ ဦး၏ ချုပ်ရက်ရမန်ကို ၂ ပတ် အထိ ယူထားခြင်းဖြစ်ပြီး လာမည့် မတ်လ ၁၂ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

နောင်ခိုင်အောင်
Narinjara
https://www.facebook.com/Narinjara
ဗုံးကွဲမှု ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ ၄ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် ချုပ်ရက်ရမန်ယူ ဗုံးကွဲမှု ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ ၄ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် ချုပ်ရက်ရမန်ယူ Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.