ကမ္ဘောဇဘဏ် လုယက်မှုတွင် မသင်္ကာသူ အမျိုးသား ၃ ဦးအား စစ်ဆေးနေ


မြစ်ကြီးနား ဖေဖော်ဝါရီ ၇ရက်

မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာဈေး (၁) အပေါ်ထပ်တွင် ဖြစ်ပွားခဲ့သည့် KBZ မီနီဘဏ် လုယက်မှုတွင် မသင်္ကာသူ အမျိုးသား(၃)ဦးအား ရမာန်ယူ၍ စစ်ဆေးနေကြောင်း မြစ်ကြီးနားမြို့ မြို့မရဲစခန်းမှ သိရသည်။

ဇန်န၀ါရီ ၂၃ ရက် ညနေ ၃ နာရီကျော် အဆိုပါဘဏ်ရှိ ဝန်ထမ်းများမှာ ငွေသိမ်းရန် ရေတွက်နေချိန်တွင် ဘဏ်အတွင်းသို့ အမည်မသိ လူငယ် ၄ ဦးမှ မျက်နှာအကာပါ ဆိုင်ကယ်စီးဦးထုပ် ဆောင်းလျှက် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်၍ ဝင်ရောက်လာကာ ဝန်ထမ်းများကို ရန်ပြု၍ ငွေကျပ်သိန်း(၉၂၀)နှင့် ဘဏ်အတွင်း ထားရှိသည့် CCTV စက်ကိုပါ ယူဆောင်သွားခဲ့သည်။

“ဘဏ်လုယက်မှုအတွက် မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်ကပဲ မသင်္ကာတဲ့ အမျိုးသား ၃ ယောက်ကို ရမာန်ယူပြီး စစ်ဆေးနေပါတယ်”ဟု မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသား ၃ ဦးကို ဇန်န၀ါရီလ ၂၈ ရက်နေ့၊ ဖေဖော်ဝါရီလ ၁ ရက် နေ့နှင့် ဖေဖော်ဝါရီလ ၄ ရက်နေ့များတွင် စစ်ဆေးလျှက်ရှိပြီး အသေးစိတ် အချက်အလက်များကို ပြောပြနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ကချင်ပြည်နယ် အတွင်းမှာ မှုခင်းဖြစ်ပွားမှုတွေ လျှော့နည်းကျဆင်းအောင် ရဲတပ်ဖွဲ့ အနေနဲ့ လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်နေပါတယ် လုံခြုံရေး အပိုင်းကိုတော့ ဘယ်ဟာကို ဘယ်လိုလုပ်နေတယ်ဆိုတာ အသေးစိတ် ပြောပြလို့မရပါဘူး” ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ တစ်လအတွင်းတွင် ကချင်ပြည်နယ် အတွင်း၌ လုယက်မှု ၃ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဦးမင်းမင်းဦး
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ကမ္ဘောဇဘဏ် လုယက်မှုတွင် မသင်္ကာသူ အမျိုးသား ၃ ဦးအား စစ်ဆေးနေ ကမ္ဘောဇဘဏ် လုယက်မှုတွင် မသင်္ကာသူ အမျိုးသား ၃ ဦးအား စစ်ဆေးနေ Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.